မိုးစပါးအသစ်စျေး ရှစ်သိန်းခွဲ ကျပ်ထိပြန်ကျလို့ တောင်သူတွေ အကြွေးမကျေတဲ့အထိ အရှုံးပေါ်
မိုးစပါးအသစ်စျေးနူန်းတွေ ပြန်လည်ကျဆင်းလာနေတာကြောင့် တောင်သူတွေ အရှုံးပေါ်ပြီး စိုက်ပျိုးစရိတ်ကြွေးတောင် အကြေမဆပ်နိုင်တဲ့ အခြေအနေတွေအထိ ရင်ဆိုင်နေကြရတယ်လို့တောင်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ မိုးစပါးအသစ်တွေကို ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းအနောက်ပိုင်း ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရိတ်သိမ်းနေကြပြီး ဒေသအလိုက် စပါးတင်း ၁၀၀ ကို ကျပ်ငါးသောင်း မှ သုံးသိန်း ကျပ်လောက်အထိ စျေးနူန်း ထိုးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးအနောက်ခြမ်း ပြည်ခရိုင်မှာဆိုရင် မိုးစပါးအသစ်စျေးနူန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပါး ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို ဆယ့်တစ်သိန်းငါးသောင်းကျပ်အထိစျေးပေါက်ခဲ့ပေမယ့် အောက်တိုဘာ ၂၇ ရက်မှာတော့ စပါးတင်း ၁၀၀ ကိုမှ ရှစ်သိန်းငါးသောင်းကျပ်နူန်းသာစျေးတန်းရှိတော့တယ်လို့ သိရပါတယ်။
" ပထမရက်တုန်းက ၁၁ သိန်းခွဲပေါက်တယ်။နောက်တော့ ၁၁ သိန်းစျေးဖြစ်တယ်။ တနေ့ကထပ်ကျတယ်ဆိုပြီး ဆယ်သိန်းငါးသောင်း ဖြစ်သွားတယ်။ အခုဒီနေ့မေးတော့ ၈သိန်း ခွဲပဲရှိတော့တယ်တဲ့။ ဒါတောင် ရိတ်ပြီးစပါးတိုင်းမဝယ်ဘူး။စပါးအစိမ်းစေ့မပါမှ၊ မိုးမမိမှ ၊စပါးအဖျင်းမများမှ ဝယ်မှာလို့ပြောတယ်။ စပါးစျေးဒီလောက်ကျနေတော့ တောင်သူတွေ ဒုက္ခရောက်ကုန်ပြီပေါ့။စပါးစျေးကမနှစ်ကနဲ့ဆိုရင် ထက်ဝက်လောက်ကျသွားတာ။အကြွေးနဲ့ယူပြီးစိုက်ရသူတွေ၊ လယ်အငှားလုပ်ရသူတွေ အကြွေးတောင်မကြေဘူး။အကုန်ဒုက္ခရောက်နေပြီ။" လို့ ပြည်မြို့နယ်မှာ စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။
စပါးစျေးက မနှစ်က မိုးစပါးအသစ်ရိတ်သိမ်းချိန်မှာ အနိမ့်ဆုံး ဆယ့်ခြောက်သိန်းငါးသောင်း ကျပ်စျေးပေါက်ခဲ့ပြီး ယခုနှစ်မှာ ရှစ်သိန်းငါးသောင်း ကျပ်သာစျေးရှိတာကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ယှဥ်ပါက စပါး ၁၀၀ ကို ရှစ်သိန်းကျပ်နူန်း ထက်ဝက်နီးပါး စျေးလျော့ကျသွားတာဖြစ်တယ်လို့သိရပါတယ်။
စပါးစျေးနူန်း ထက်ဝက်နီးပါး ကျဆင်းသွားပေမယ့် စပါးစိုက်ပျိုးမှုကုန်ကျစရိတ်နူန်းထားက အရင်နှစ်ထက် ကုန်ကျစရိတ်ပိုပြီး များကြောင်း ၊ လယ်သမားအများစုက စပါးစိုက်ပျိုးဖို့အတွက် အကြွေးစနစ်နဲ့ မြေဩဇာ ၊ စိုက်ပျိုးရေးဆေး ၊ မျိုးစပါး ဝယ်ယူသုံးစွဲရတဲ့အပြင် အချို့ကမူ လယ်ယာမြေကို ငှားရမ်းလုပ်ကိုင်ကြရတဲ့အတွက် စပါးစျေးနူန်း ရှစ်သိန်းငါးသောင်း ကျပ်ဆိုတာက တောင်သူတွေအတွက် စိုက်ပျိုးစရိတ်တောင်မရတဲ့ အရှုံးပေါ်စေတဲ့ စျေးတန်းဖြစ်တယ်လို့သိရပါတယ်။
စပါးစျေးနူန်းက သက်ဆိုင်ရာ ဒေသအလိုက် ကုန်သည် နဲ့ ဒေသပွဲစား ဆိုသူတွေရဲ့ ဝယ်ယူမှု ၊စျေးနူန်းသတ်မှတ်မှုအပေါ်မှာသာ မူတည်ပြီး စျေးကွက်တခုဖြစ်နေကြောင်း ၊ မြို့နယ်တခုနဲ့တခုမှာ ဖြစ်ပေါ်တဲ့ စျေးနူန်းကလည်း ကွာခြားမှုရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာ စပါးစျေးကျနေတဲ့အပြင် ဝယ်ယူသူလည်း ရှားကြောင်း ၊ တောင်သူတွေမှာ စပါးကို အကျစျေးနူန်းနဲ့ရောင်းချဖို့ကို ဝယ်လက်မရှိတဲ့အတွက် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေကြရတယ်လို့သိရပါတယ်။
" စပါးရောင်းချပေမယ့် အဝယ်မရှိဘူး။စျေးတက်လာတယ်ဘာညာလျှောက်ပြောနေပေမယ့် မြေပြင်ကျဝယ်သူတောင်မရှိဘူး။ပွဲစားပါးစပ်ကထွက်တာက စျေးဖြစ်နေတယ်။စျေးကျဝယ်လည်း ဘယ်သူ့တိုင်ရမလဲမသိဘူး။အခုစပါးစျေးဒီလောက်ကျနေတာ ဘယ်သူမှလည်းအဖက်မလုပ်ကြဘူး။မနှစ်က နွေစပါး ၊ အခုမိုးစပါး ဆက်တိုက်ရှုံးတော့တောင်သူတွေ ဘာလုပ်ရတော့မလဲ ။ " လို့ ဧရာဝတီတိုင်း စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။
ဒီနှစ်မိုးစပါးမှာ ရာသီဥတု မမှန်တဲ့အတွက် စပါးအထွက်နူန်းကလည်း သိသိသာသာလျော့ကျခဲ့တာကြောင့် တောင်သူတွေမှာ အရှုံးပိုပြီး ကြီးမားခဲ့ပါတယ်။မိုးစပါး စိုက်ခင်း တဧကကို စပါးစိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိဆိုရင် ခြောက်သိန်းကျပ်လောက်ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။
စပါးစျေးကွက် ကျဆင်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် MRF ကတော့ စပါးစျေးမြင့်တက်ဖို့အတွက် ဆန်ပြည်ပတင်ပို့မှုကို တိုးမြီင့်တင်ပိုနိုင်ရေး ဆောင်ရွက်နေသလို သက်ဆိုင်ရာ ဒေသအလိုက် ဆန်စက်တွေနဲ့လည်း ချိတ်ဆက်ပြီး စပါးဝယ်ယူပေးဖို့ လုပ်ဆောင်ထားတယ်လို့သိရပါတယ်။
" စပါးအမျိုးအစား/အရည်အသွေး/အစိုဓါတ်ကို မူတည်ပြီး ဆန်စက်များကို ဝယ်ပေးဖို့ ပြောထားပါတယ်။ တောင်သူများကိုလည်း ဆန်စက်ပိုင်များကို တိုက်ရိုက်ရောင်းဖို့ ၊ စုပေါင်း ရောင်းဖို့ အကြံပြုထားပါတယ်။မြို့နယ် သိရရင် စပါးဝယ်ပေးဖို့ ပြောပေးနိုင်ပါတယ်။" လို့ MRF မှ တာဝန်ရှိသူကပြောပါတယ်။
ဒါပေမယ့်လည်း မြေပြင်မှာတော့ ဆန်စက်တွေဘက်က စပါးဝယ်ယူမယ့်အကြောင်းနဲ့ စျေးနူန်းကို အသိပေးထုတ်ပြန်တာမျိုးမရှိတာကြောင့် တောင်သူတွေအနေနဲ့ ဆန်စက်တွေကို ရောင်းချနိုင်ခြင်းမရှိဘဲ ရွာတွေမှာ လှည့်ပတ်ဝယ်ယူတဲ့ ပွဲစား၊ကုန်သည် တွေကိုပဲ ရရာစျေးနဲ့ရောင်းချနေကြရတယ်လို့သိရပါတယ်။
စပါးစျေးကွက်ဆက်တိုက်ကျ ဆင်းလာတဲ့အခြေအနေတွေကြောင့် တောင်သူတွေကတော့ လာမယ့် နွေရာသီမှာ နွေစပါးစိုက်ပျိုးမှုကို မလုပ်တော့ဖို့ ဆုံးဖြတ်ထားကြတာကိုတွေ့ရပါတယ်။
နှစ်စဥ် မိုးစပါးရိတ်သိမ်းချိန်ရာသီရောက်တိုင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က မိုးစပါးရည်ညွှန်းစျေးနူန်းကို သတ်မှတ်လေ့ရှိရာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနီစ်တုန်းက ရည်ညွှန်စျေးအဖြစ် စပါး တင်း ၁၀၀ ကို အနိမ့်ဆုံး ကိုးသိန်းငါးသောင်းကျပ်နူန်း ဝယ်ယူဖို့ သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်မိုးစပါးရိတ်သိမ်းချိန်မှာတော့ အခုနိုဝင်ဘာလကုန်အထိ မိုးစပါးရည်ညွှန်းစျေးနူန်းကို သတ်မှတ်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
တောင်သူတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စျေးနူန်းက အရှုံးပေါ်နေတာကြောင့် ခေတ်နဲ့အညီ တောင်သူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နူန်းထားတခုကို သတ်မှတ်ပေးဖို့ ဆန္ဒရှိနေကြပါတယ်။