El Clasico ရုန်းရင်းဆန်ခတ်မှုတွင် မည်သူ့ကိုမှ ထိခိုက်ရန် မရည်ရွယ်ခဲ့ကြောင်း ဗီနီရှပ်စ် ပြောကြားလာ
==================

ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ဂျူနီယာက တနင်္ဂနွေနေ့ည El Clasico နိုင်ပွဲတွင် ၎င်းအပါအဝင် ရီးရဲလ်မက်ဒရစ်ကစားသမားများနှင့် ဘာစီလိုနာ ကစားသမားတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် မည်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ကြောင်း ပြောကြားလာပါတယ်။

အသက် ၂၅ နှစ်ရှိ ဗီနီရှပ်စ်ဟာ ယင်းပွဲရဲ့ ပွဲချိန် ၇၂ မိနစ်တွင် လူစားလဲလှယ်ခြင်းခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ လူစားလဲလှယ်ခံရပြီးနောက် အဝတ်အစားလဲခန်းသို့ ချက်ချင်း ဆင်းသွားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အရန်ခုံသို့ ပြန်ရောက်လာပြီး ပွဲကို ဆက်လက် ကြည့်ရှုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ ၂-၁ ဖြင့် အနိုင်ရပြီးချိန်မှာတော့ သူဟာ ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အား တိုက်ခိုက် ပြောဆိုခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ရှိ လာမိန်းယာမဲလ်အား ရန်မူရန် ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။

ယင်းရုန်းရင်းဆန်ခတ်မှုတွင် ဗီနီရှပ်စ်အပါအဝင် ရီးရဲလ်မက်ဒရစ်ကစားသမား ၅ ဦးတို့ အဝါကတ်ပြသခြင်းခံခဲ့ရပြီး ပွဲကစားခွင့်မရခဲ့တဲ့ အရန်ဂိုးသမားလူနန်မှာလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။

ဗီနီရှပ်စ်က "El Clasico ပွဲတွေက ဒီလိုပဲ။ ကွင်းတွင်း ကွင်းပြင် ဖြစ်ပျက်တာတွေ အများကြီးပါ။ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အမြဲတမ်း မဖြစ်နိုင်ပါဘူး။ ဘာကာကစားမားတွေ ပရိသတ်တွေအပါအဝင် ဘယ်သူ့ကိုမှ ထိခိုက်လိုခြင်း မရှိပါဘူး။ ကွင်းထဲဝင်လိုက်ပြီဆိုတာနဲ့ ကိုယ့်အသင်းကို ကာကွယ်ရမယ်ဆိုတာ သိထားတယ်။ ဒီကနေ့ ဒါကိုပဲ လုပ်ခဲ့ကြတာပါ"လို့ ပြောကြားသွားပါတယ်။

လာမိန်းယာမဲလ်ဟာ ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အား သခိုး၊ စောဒကတက်နေတဲ့အသင်းလို့ ပြောဆိုခဲ့မှုနှင့်အတူ ရီးရဲလ်မက်ဒရစ်ကစားသမားတွေရဲ့ ဒေါသထွက်ခြင်းခံခဲ့ရတာပါ။

El Clasico ပွဲတွင် အနိုင်ဂိုးသွင်းခဲ့တဲ့ အင်္ဂလန်အလယ်တန်းကစားသမားဂျူ့ဘယ်လင်ဂမ်က အင်တာစတာဂရမ်တွင် "Talk is cheap. Hala Madrid always." ဆိုပြီး ပို့စ်တင်သွားပါတယ်။

image