◾️အမေရိကန်ရေတပ်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် တောင်တရုတ်ပင်လယ်တွင် တစ်ရက်တည်း ပျက်ကျ
အမေရိကန်ရေတပ်မှ တိုက်လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းသည် ယမန်နေ့က နာရီဝက်သာခြား၍ တောင်တရုတ်ပင်လယ်တွင် ပျက်ကျခဲ့ကြောင်း နှင့် နှစ်စင်းစလုံးမှ တပ်ဖွဲ့ဝင်များအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန်ပစိဖိတ်ရေတပ်အုပ်စု က ပြောကြားသည်။
အမေရိကန်ရေတပ်မှ MH-60R ပင်လယ်စွန် ရဟတ်ယာဉ်တစ်စင်းသည် ပုံမှန်ပျံသန်းမှုများလုပ်ဆောင်နေစဉ် ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်တွင် ပျက်ကျသွားခဲ့သည်ဟု ပစိဖိတ်ရေတပ်အုပ်စု က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
ယင်းရဟတ်ယာဉ်သည် အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz ပေါ်တွင်ပါခဲ့ပြီး ရေပြင်တိုက်ခိုက်ရေးရဟတ်ယာဉ်အုပ်စု ၇၃ မှ ဖြစ်ကြောင်း နှင့် အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ အဖွဲဝင် သုံးဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
တစ်နေ့တည်း ဒုတိယမြောက်ဖြစ်ရပ်တွင် F/A-18F Super Hornet တိုက်လေယာဉ်တစ်စီးပါဝင်ပြီး တိုက်ခိုက်ရေးလေယာဉ်အုပ်စု ၂၂ ၏ တိုက်ကြက်ဖနီကြီးများ ဟု ခေါ်ဆိုသော အဖွဲ့မှဖြစ်သည်။
အဆိုပါ တိုက်လေယာဉ်သည်လည်း ပုံမှန်လေ့ကျင့်ပျံသန်းနေစဉ် ဒေသစံတော်ချိန် ၃ နာရီ ၁၅ မိနစ်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။
ယင်းလေယာဉ်မှ လေယာဉ်မှူးနှင့် လက်ထောက်တို့ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြပြီး ၎င်းတို့ကို လေယာဉ်တင်သင်္ဘောမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ က ကယ်တင်ခဲ့သည်။
ဖြစ်ရပ်နှစ်ခုတွင် ပါဝင်ခဲ့သူအားလုံး ဘေးကင်းပြီး တည်ငြိမ်စွာရှိကြကြောင်း ရေတပ်ထုတ်ပြန်ချက်က ပြောပြီး ပျက်ကျရခြင်းအကြောင်းရင်းများကိုလည်း စုံစမ်းစစ်ဆေးနေသည်။
၁၉၇၅ ခုနှစ်မှ စ၍ တပ်တော်ဝင်ခဲ့သော USS Nimitz သည် ၎င်းအတွက် နောက်ဆုံးခရီးစဉ်တွင် ပါဝင်နေခြင်းဖြစ်ပြီး ပင်လယ်နီမှ ရေကြောင်းသင်္ဘောများအား ဟူသီတို့ တိုက်ခိုက်နေခြင်းများကို ဟန့်တားရန် အမေရိကန်စစ်ဘက်၏စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အရှေ့အလယ်ပိုင်းတွင် လှုပ်ရှားခဲ့ပြီးနောက် အောက်တိုဘာ ၁၇ ရက် တွင်တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-UPI
#နိုင်ငံတကာသတင်း