ပွဲအစပိုင်းတွင် လူစားဝင်ရောက်ကစားပြီးမှ ထပ်မံလူစားလဲခံရကာ အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ ဆန်ချို
===================
ဂျာဒွန်ဆန်ချိုဟာ မန်စီးတီးနှင့်ပွဲစဉ်မှာ ပွဲအစပိုင်းတွင် လူစားဝင်ရောက်ကစားခဲ့ပြီးနောက် ထပ်မံ လူစားလဲလှယ်ခြင်းခံရမှုနှင့်အတူ အရှက်တကွဲခံခဲ့ရပါတယ်။
ယူနိုက်တက်ကနေ အငှားဖြင့် လာရောက်ကစားနေတဲ့ ဆန်ချိုဟာ ပွဲချိန် ၂၉ မိနစ်မှာ အီမီလီယာနိုဘူအန်ဒီယာအစား လူစားဝင်ရောက်ကစားခဲ့ပါတယ်။
ဗီလာနည်းပြအူနိုင်းအမ်မရီဟာ ဘူအန်ဒီယာ ဒဏ်ရာရရှိသွားမှုနှင့်အတူ ဆန်ချိုကို ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘူအန်ဒီအာဟာ ၁၉ မိနစ်မှာ မတ်တီကက်ရှ် ဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆန်ချိုဟာ ပွဲချိန် ၇၄ မိနစ်မှာတော့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
အမ်မရီဟာ ၄၅ မိနစ်တည်းသာ ကစားရသေးတဲ့ ဆန်ချိုအစား အီဗန့်ဂူဆန်ကို ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဆန်ချိုဟာ လူစားလဲလှယ်ခြင်းခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်ပြီး အူနိုင်းအမ်မရီက နည်းဗျူဟာပိုင်း အပြောင်းအလဲလုပ်မှုတို့အား ရှင်းပြခဲ့ပေမယ့် ဂရုမစိုက်ခဲ့ပါဘူး။
အသက် ၂၅ နှစ်ရှိ ဆန်ချိုဟာ မန်စီးတီးနှင့်ပွဲတွင် ကန်ချက်အချို ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
အမ်မရီဟာ နေမကောင်းရာမှ ပြန်လည်ကောင်းမွန်လာစဖြစ်တဲ့ ဆန်ချိုကို ကာကွယ်ရန်အတွက် လူစားလဲလှယ်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
သူဟာ ကြာသပတေးနေ့တုန်းက Go Ahead Eagles ကို ရှုံးနိမ့်တဲ့ပွဲမှာလည်း မိနစ် ၆၀ မှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။
သူဟာ စက်တင်ဘာလတုန်းက ဆန်းဒါးလန်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ၈ မိနစ်ကစားခွင့် ရရှိပြီးနောက် မန်စီးတီးနှင့်ပွဲမှာ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲအဖြစ် ကစားခွင့်ရခဲ့တာပါ။
ဗီလာဟာ ဆန်ချိုကို တစ်ရာသီအငှားဖြင့် ခေါ်ယူထားတာ ဖြစ်ပြီး သူ့ရဲ့လုပ်ခ ၈၀ ရာခိုင်နှုန်းကိုသာ ပေးရပါတယ်။ ကျန် ဆန်ချိုရဲ့ လုပ်ခ ၂၀ ရာခိုင်နှုန်းကို ယူနိုက်တက်က ပေးနေရပါတယ်။