1 ပတ် - ဘာသာပြန်ပါ။

◾️ငြိမ်းချမ်းရေးမရဘဲရွေးကောက်ပွဲမဖြစ်နိုင်၊ ဘုံသဘောတူညီချက်(၅)ရပ်အကောင်အထည်ဖော်ရေး သာဦးစားပေးဖြစ်ကြောင်းအာဆီယံထပ်မံအတည်ပြု
မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ ၎င်း၏ နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်(5PC) ကို အကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း အာဆီယံက ထပ်မံ အတည်ပြုခဲ့ပြီး ပဋိပက္ခမှ ပေါ်ပေါက်လာသော နိုင်ငံဖြတ် ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ က ယမန်နေ့ တွင်ကတိပြုခဲ့ကြသည်။
5PC အကောင်အထည်ဖော်မှုနှင့်ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ဆိုင်ရာ ကြေညာချက်တွင် မြန်မာကိုယ်တိုင်နှင့် မြန်မာဦးဆောင်သည့် အား လုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု ရရှိရေး 5PC ကို အပြည့် အဝအကောင်အထည်ဖော်ရန် သက်ဆိုင်သူအားလုံးကို နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဆီယံက အတည်ပြုခဲ့သော 5PC တွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးမှုများလုပ် ဆောင်ရန်၊ အထူးသံတမန်တစ်ဦး ခန့်အပ်ရန်၊ လူ သား ချင်း စာနာထောက်ထားမှု အကူအညီများကို ခွင့်ပြုရန်နှင့် အထူးသံတမန်အား ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုထားသည်။
“မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် သက်ဆိုင်ရာ လက် နက်ကိုင်တပ်ဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်မှုများကို လျှော့ ချရန်၊ အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ယုံကြည်မှု တည် ဆောက် ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် ကျွန်ုပ်တို့ တိုက်တွန်းသည်။” ဟုအာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကြေညာချက်တွင် ဖော်ပြထားသည်။
ယခုနှစ် မေလတွင် သဘောတူညီခဲ့သည့်အတိုင်းသက်တမ်းတိုးထားသော အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ အကောင်အထည်ဖော်ရန်လည်း အာဆီယံဝန်ကြီးများက တောင်းဆိုခဲ့ကြသည်။
ယခုနှစ် ဒီဇင်ဘာလအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် မြန်မာ၏ အစီ အစဉ်ကိုသိရှိပြီး ဝန်ကြီးများက လွတ်လပ်၊ တရားမျှတ၊ ငြိမ်းချမ်းစွာ၊ပွင့်လင်းမြင်သာစွာဖြင့်အားလုံးပါဝင်နိုင်ပြီး ယုံကြည် စိတ်ချရသော အထွေထွေရွေးကောက်ပွဲများ၏ အရေးပါမှုကို ၎င်းတို့ကအလေးပေးပြောကြားခဲ့သည်။
“ရွေးကောက်ပွဲမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ရန်နှင့်သက်ဆိုင်သူအားလုံးပါ ဝင်သည့်နိုင်ငံရေးဆွေးနွေးမှုများလုပ်ဆောင်ရန်ကျွန်ုပ်တို့အလေးအနက်တောင်းဆိုသည်။”ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသည် ရွေးကောက်ပွဲများမတိုင်မီဖြစ်ပေါ်လာရမည်ကို ကျွန်ုပ်တို့ အလေးပေးပြောကြားလိုပါသည်။” ဟုလည်း ကြေညာချက်ကဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် အစီအစဉ်များကို မြန်မာနိုင်ငံ ကြေညာခဲ့ပြီး လေ့လာသူများ စေလွှတ်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ဖိတ်ကြားထားရာ ကြေ ညာ ချက်တွင်ယင်းအချက်ကိုမှတ်သားထားသည်။
ထိုအတောအတွင်း 5PC ကိုအကောင်အထည်ဖော်ရာတွင် အဓိပ္ပာယ်ရှိသော တိုး တက်မှုများရှိလာသည်အထိ အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများတွင်မြန်မာနိုင်ငံမှနိုင်ငံရေးအရမဟုတ်သော ကိုယ်စားပြုမှုကို သာ ဆက် လက် ထားရှိ မည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီ ယံ ဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုအတွင်း 5PC ကိုသာ ကိုးကား သင့်ကြောင်းလည်း နိုင်ငံခြား ရေး ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်ချမှတ်မှုကို ထိခိုက်မည်ဟု ၎င်းတို့က မမျှော်လင့်ဘဲ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းမြှင့်တင်ရာတွင် အတူတကွ ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားသည်။
ထို့ပြင်အိမ်နီးချင်းနိုင်ငံများနှင့် ပြင်ပမိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် ယုံကြည်မှုတည်ဆောက်ရန်၊ ဆွေးနွေး မှုအတွက် အခြေအနေများ ဖန်တီးရန်၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါဝင်သူအားလုံးနှင့် ဆက်လက် ပူး ပေါင်းဆောင်ရွက်ရန် ၎င်း၏ကတိကဝတ်ကို အာဆီယံက ထပ်မံအတည်ပြုခဲ့သည်။
လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ နေရပ်စွန့်ခွာမှု၊ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ပဋိပက္ခမှ ပေါ်ပေါက်လာသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်လည်းကတိပြုခဲ့သည်။
လက်ရှိ၊ ယခင်နှင့် လာမည့် အာဆီယံဥက္ကဋ္ဌများပါဝင်သည့် ထရွိုင်ကာယန္တရားမှတစ်ဆင့် ဆက်လက် လုပ်ဆောင်နေသော အလွတ်သဘောတိုင်ပင်ဆွေးနွေးမှုများကို ပံ့ပိုးပေးနေစဉ် ထိတွေ့ဆက်ဆံမှုနှင့် သံတမန်ရေးတွင် ဆက်လက်တည်တံ့စေရန် ရေရှည်အာဆီယံအထူးသံတမန်တစ်ဦးထားရှိရေးအတွက် အဆိုပြုချက်ကို ဆွေးနွေးရန်လည်း ၎င်းတို့က အကြီးတန်းအရာရှိများအား တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက်အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးညှိနှိုင်းရေးဌာန (AHA Centre) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်နိုင်စေရန် ငွေကြေး ထောက်ပံ့မှုတိုးမြှင့်ရန်နှင့် လိုအပ်သည့်နေရာတွင် နယ်စပ် ဖြတ် ကျော် ဆောင် ရွက်မှု များအပါအဝင် ဘေးကင်းလုံခြုံ၊ ထိရောက်စွာနှင့် ခွဲခြားဆက်ဆံမှုမရှိဘဲ အကူအညီများပေးအပ်ရန် နိုင်ငံခြားရေးဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအား တိုက်တွန်းခဲ့ကြသည်။
မြန်မာနိုင်ငံသားများငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ကုလသမဂ္ဂ၊ အခြားမိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ်အစည်းအဝေးများတွင် တိုးတက်မှုများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့က ပြောကြားသည်။
သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား-Bernama
#ပြည်တွင်းသတင်း

image