UWSA ထိန်းချုပ်နယ်မြေမှာ shisha ရောင်းချ၊ ဝန်ဆောင်မှု ပေးတာတွေကို တားမြစ်
UWSA ထိန်းချုပ်နယ်မြေမှာ shisha ရောင်းချ၊ ဝန်ဆောင်မှု ပေးတာတွေကို တားမြစ်ကြောင်း UWSA ရဲဌာနက ထုတ်ပြန်ထားပါတယ်။
မည်သည့် ပုဂ္ဂိုလ်၊ လုပ်ငန်း မဆို အရွယ်မရောက်သေးသူတွေကို shisha ဝန်ဆောင်မှုတွေ၊ ရောင်းချတာတွေ၊ ပံ့ပိုးတာတွေကို တားမြစ်ထားတယ်လို့ ဖော်ပြထားပါတယ်။
KTV၊ ဘားတွေနဲ့ အခြားဖျော်ဖြေရေး ကလပ် တွေမှာ စားသုံးသူတွေကို shisha ဝန်ဆောင်မှုတွေ ပေးတာကို တားမြစ်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
မင်္ဂလာဆောင်၊ အသုဘ အခမ်းအနား တွေမှာလည်း ဆေးလိပ်သောက်ဖို့ ဧည့်သည်တွေအတွက် shisha ထားရှိတာကိုလည်း လုံးဝ တားမြစ်ထားပြီး တွေ့ရှိပါက ဒေသဆိုင်ရာ တရားရေး အာဏာပိုင် ေတွက စစ်ဆေး အရေးယူမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
နေအိမ်တွေမှာ shisha သောက်သုံးကြောင်း သတင်းရရှိပါက ဥပဒေနှဲ့အညီ စစ်ဆေးသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေတာကို တွေ့ရှိပါကလည်း အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မကြာသေးခင်က shisha နဲ့ ketamine (K) ရောထားတဲ့ ဆေးခြောက်ဆေးတွေ သောက်သုံးတာကို တွေ့လာရပြီး လူမှု စိတ်ဓာတ်ကို ဆိုးဆိုးရွားရွား ထိခိုက်လာသလို လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေတာကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ထိန်းချုပ်ရေး ဝန်ထုပ်ဝန်ပိုးတိုးမြင့်လာတယ်လို့ ဆိုပါတယ်။
"အပျင်းပြေ shisha သောက်တယ်။ သာမန် အသီးအရွက်တွေနဲ့ပဲ သောက်တယ်။ ကိုယ် ထည့်ချင်တာထည့်ပြီး သောက်လို့ရတယ်" လို့ ရှမ်းမြောက် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မိမိစိတ်ကြိုက် ဆေးရွက်အပြင် မူးယစ်ဆေးဝါး အမျိုးမျိုး ထည့်ပြီး သောက်လို့ရတယ်လို့ သူက ပြောပါတယ်။
"shisha က ဆေးလိပ်လို သောက်ရတဲ့ဟာ။ ဆေးတွေထည့်သုံးလို့ရတယ်။" လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
နယ်စပ်ဒေသ အပါအဝင် မြို့ကြီးတွေက တချို့ Bar ဆိုင် တွေမှာတော့ အစား အသောက် Menu တွေမှာပါ ထည့်ထားတာကို တွေ့ရပါတယ်။
နယ်စပ် ဒေသနဲ့ မြို့ကြီးပြကြီးတွေမှာတော့ K နဲ့ happy water သုံးစွဲတာတွေ၊ ရောင်းချတာတွေကို ဖမ်းဆီးနိုင်ခြင်း မရှိတာကိုတွေ့ရပါတယ်။
shisha မှာလည်း ဆေးလိပ်လိုပဲ နီကိုတင်းဓာတ်ပါဝင်မှုမြင့်မားလို့ တကြိမ်သောက် ရင် ဆေးလိပ် ဆယ်လိပ် ကနေ အလိပ် နှစ်ဆယ်အထိ သောက်သုံးသလို နီကိုတင်းဓာတ်ရရှိနိုင်တဲ့ အပြင် စွဲလမ်းမှုကို ဖြစ်စေပြီး အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း နဲ့ တီဘီလို ကူးစက်ရောဂါတွေလည်း ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး အသိပညာပေး သူတွေဆီက သိရပါတယ်။