ပြင်သစ် လုဗ်ပြတိုက် ဖောက်ထွင်းမှု သံသယရှိသူနှစ်ယောက်ကို ဖမ်းဆီး

ပါရီမြို့ရှိ လုဗ်ပြတိုက်မှ အဖိုးတန်ရတနာတွေ ခိုးယူခဲ့တဲ့ သံသယရှိသူနှစ်ယောက်ကို ဖမ်းဆီးထားကြောင်း ပြင်သစ်မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

သူတို့ထဲက အမျိုးသားတယောက်ပို ချားလ်ဒီဂေါလေဆိပ်မှာ လေယာဉ်စီးဖို့ ပြင်ဆင်နေချိန်မှ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုဗ်ပြတိုက်ကနေ ယူရို ၈၈ သန်း တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူခဲ့ပြီး သူခိုးလေးယောက်ဟာ နေ့ခင်းကြောင်တောင် အဆောက်အအုံထဲကို ဝင်ရောက်ခဲ့ကြတာပါ။

ပါရီရှေ့နေရုံးကတော့ လူဘယ်နှစ်ယောက် ဖမ်းဆီးထားတယ်ဆိုတာ မဖော်ပြဘဲ စနေနေ့ညနေပိုင်းမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ သံသယရှိသူတယောက်ဟာ အယ်လ်ဂျီးရီးယားသို့ ခရီးသွားဖို့ ပြင်ဆင်နေပြီး ကျန်တယောက်ကတော့ မာလီကို သွားရောက်မှာလို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြင်သစ်မီဒီယာတွေက ဆိုပါတယ်။

အထူးရဲတပ်ဖွဲ့ဟာ သူတို့တွေို့ ၉၆ နာရီအထိ ဖမ်းဆီးစစ်ဆေးနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။ ဖောက်ထွင်းခိုးယူခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ DNA ကြောင့် သံသယရှိသူတယောက်ကို ဖော်ထုတ်နိုင်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

သူတို့တွေဟာ ပြတိုက်ဖွင့်လှစ်ပြီး မကြာမီ မနက် ၉ နာရီ မိနစ် ၃၀ မှာ ပြတိုက်ကို ရောက်ရှိလာပြီး လသာဆောင်မှတဆင့် အပိုလိုပြခန်းထဲကိုဝင်ဖို့ လှေကားပါတဲ့ ကားတစီးကို အသုံးပြုခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ္စည်း ကိုးခုကို ခိုးယူခဲ့သော်လည်း နပိုလီယံ ၃ ရဲ့ ဇနီးဖြစ်သူ ပိုင်ဆိုင်တဲ့ သရဖူတခု ပြုတ်ကျပြီး အနီးနားမှာ တွေ့ရှိခဲ့ရပါတယ်။ လုဗ်ပြတိုက်ဟာ ပါရီမှာ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်မှု အများဆုံး နေရာတွေထဲက တခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဧည့်သည် ၈ ဒဿမ ၇ သန်း လာရောက်ခဲ့ပါတယ်။

image