နမ့်စလပ်ရွာမှာ တရုတ်လုပ်ငန်းရှင်က ဈေးကန်ထရိုက်ယူလိုက်ပြီးနောက် ဝေးလံခေါင်ဖျားတဲ့ ဈေးသည်တွေ အခက်ကြုံ
အောက်တိုဘာ ၂၇
MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်၊ နမ့်စလပ်ရွာမှာ တရုတ်လုပ်ငန်းရှင်က ဈေးကန်ထရိုက်ယူလိုက်ပြီးနောက် ဈေးသစ် ပြောင်းရွှေ့လိုက်ကာ သတ်မှတ် ကန့်သတ်ချက်တွေကြောင့် ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာဘက်က ဈေးသည်တွေနဲ့ ကုန်စိမ်း အနည်းအကျဉ်းပဲ ရောင်းနိုင်တဲ့ ဈေးသည်တွေ အခက်ကြုံလာနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လမ်းဘေးမှာ ရောင်းတဲ့ ကုန်စိမ်းဈေးသည်တွေကို ပေးမရောင်းဘူး။ ဈေးနားမှာတော့ လမ်းဘေးမှာ ရောင်းခိုင်းတယ်။ လမ်းတွေမှာ၊ တခြားနေရာတွေမှာ ဈေးရောင်းရင် လွှင့်ပစ်လိုက်တာတွေ ရှိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
ဈေးနဲ့ကပ်လျက် ဈေး အပြင်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ရောင်းခိုင်းတာရှိပေမယ့် မိုးရွာရင် ဒုက္ခရောက်ရတယ်လို့ သူက ပြောပါတယ်။
ဈေးဟောင်းမှာတော့ အဝေးက တခါတလေမှလာတဲ့ ဈေးသည်တွေနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းပါးပါးပဲရောင်းနိုင်တဲ့ ဈေးသည်တွေအတွက် ဈေးအတွင်းထဲမှာလည်း နေရာရှိပြီး ဈေးကျယ်တာကြောင့် အဆင်ပြေပေမယ့် လက်ရှိ ပြောင်းရွှေ့ထားတဲ့ ဈေးသစ်မှာတော့ နေရာကျဉ်းက တခါတလေမှ လာတဲ့ဈေးသည်တွေနဲ့ အနည်းအကျဉ်းသာ လာရောင်းမယ့် ဈေးသည်တွေအတွက် ဆိုင်ခန်းလည်း မငှားနိုင်တဲ့အတွက် အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
“ဒီဈေးတွေ ရွှေ့ပြောင်းဖို့က ဒေသခံ ပြည်သူတွေကို အသိပေးခြင်းမရှိဘူး။ ဒေသခံတွေရဲ့ သဘောထား ရယူခြင်းမရှိဘူး။ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာလည်းမရှိပါဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
တောရွာကဈေးတွေမှာတော့ ၅ ရက် တခါ ဈေးနေ့ သတ်မှတ်ပြီး ရောင်းဝယ်ကြတာကြောင့် နေ့တိုင်း ပုံမှန် ဈေးမရောင်းနိုင်တဲ့ တောင်ပေါ်ရွာတွေက ဈေးသည်တွေ၊ တခြားရွာတွေကနေ ဈေးနေ့မှာ ခဏတဖြုတ်လာရောင်းမယ့် သူတွေက ဈေးထဲ ဆိုင်ခန်းလည်း မငှားနိုင်ကြဘူးလို့ သူကပြောပါတယ်။
“လုပ်ငန်းရှင်တွေထဲမှာ မြန်မာနိုင်ငံသားတွေ မရှိသလောက်ပဲ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို ခေါ်ထည့်ပြီး သူတို့ကိုပဲ လုပ်ပိုင်ခွင့်တွေ၊ ကန်ထရိုက်တွေ ပေးလိုက်တယ်။ စစ်တိုက်တာက တရုတ် နိုင်ငံသားတွေအတွက် တိုက်ပေးတာလို့ပဲ မြင်တယ်” လို့ သူက ထပ်မံ ပြောပြပါတယ်။
ကန်ထရိုက်တာတွေကျတော့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာတွေဘက်က တောထဲက ရှာလို့ ရတဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းပြီး ဆန်၊ ဆီ၊ ဆား တွေ ပြန်ဝယ်ကြရ ပြည်သူတွေက အတွက် ထည့်သွင်းစဉ်းစားထားတာမျိုး မရှိတာကြောင့် ငွေတတ်နိုင်တဲ့လူတွေ အဆင်ပြေပေမယ့် ဆင်းရဲတဲ့သူတွေ ပိုခက်ခဲလာရတယ်လို့ သူက ပြောပါတယ်။
MNDAA တပ်ဖွဲ့တွေက စစ်တပ်နဲ့ ညှိနှိုင်းက လားရှိုးကနေ ဆုတ်ခွာပြီးနောက် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြန်လည်း ထူထောင်ရေးတွေ လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို ခေါ်သွင်း နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ အဖြစ် ပြန်လည် အသက်သွင်းနေတဲ့ MNDAA ထိန်းချုပ်နယ်မြေမှာ
တရုတ်ယွမ်ငွေ ငါးသိန်းနဲ့အထက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ တခြားဒေသက မည်သူမဆိုကိုလည်း ဒေသခံအဖြစ် လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။


