စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်ဆောင်ရွက်ပေးသွားမည်

စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပခဲ့သည့် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးသို့ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတက်ရောက်၍ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများကို အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှု၊ လက်မှုအတတ်ပညာများကို အဆင့်မီစွာတတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

ထို့ပြင် သင်တန်းတက်ရောက်အောင်မြင်ပြီးသူများကို အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်များကို အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းများမှအသိအမှတ်ပြု၍ အလုပ်နေရာခန့်ထားပေးရေး၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်းအလုပ်သမားကတ် (Labour Card)ပြုလုပ်ထုတ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

ထို့အတူ ပြည်ပအလုပ်အကိုင်ရရှိရန်အတွက် ပြည်ပအလုပ်သမားကတ်(OWIC)ထုတ်ပေးခြင်း၊ Agency များနှင့်ဆက်သွယ်၍ အလုပ်အကိုင်ရှာဖွေပေးခြင်းများကို အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းတာဝန်မထမ်းဆောင်မီ ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သော အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းနှင့် အဖွဲ့အစည်းများတွင် မူလအလုပ်အကိုင်၊ လုပ်ငန်းနေရာများအလိုက်ပြန်လည်ခန့်ထားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

ထို့အတူ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်သူများဆိုသည်မှာ တပ်မတော်တွင် အမြဲတမ်းစစ်မှုထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တရားဝင်နုတ်ထွက်ခွင့်ရရှိခဲ့ကြသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် သတ်မှတ်ချက်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများဖြစ်သည်ဟု ပြောသည်။
ထို့အတူ အမြဲတမ်းစစ်မှုထမ်းများအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးက လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်ကြီးမောင်မောင်းအေးက ပြောကြားခဲ့သည်။

image