2 ပတ် - ဘာသာပြန်ပါ။

အမေရိကန်လူနေမှုဘဝကြောင့် အင်တာမိုင်ယာမီနှင့် စာချုပ်သစ်ချုပ်ဆိုရန် အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း လီယွန်နယ်မက်ဆီ ဖွင့်ဟလာ
====================

လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီတွင် ၂၀၂၈ ခုနှစ်အထိ ရှိနေမယ့် သုံးနှစ်စာချုပ်သစ်အား ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားစူပါစတားက ဖလိုရီဒါတွင် မိသားစုဝင်များ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်မှုက စာချုပ်သစ်ချုပ်ဆိုရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် မက်ဆီက သူ့ရဲ့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးအနေအထားတွင် ရှိနေမှုကလည်း မေဂျာလိဂ်တွင် ဆက်ကစားရန် အလွယ်တကူ ဆုံးဖြတ်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။

NBC Nightly News နှင့် အင်တာဗျူးတွင် မက်ဆီက "အရိုးသားဆုံး ပြောရရင် ဒီနှစ်အတွင်း အရမ်းကောင်းတယ်လို့ ခံစားနေရတယ်။ မိုင်ယာမီမှာ နေရတာ ပျော်တယ်။ ကျွန်တော့်မိသားစုရောပဲ။ အရိုးသားဆုံးပြောရရင် ဒါကြောင့်ပဲ အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့တာ"လို့ ပြောကြားသွားပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပေမယ့်လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားနှင့်အတူ ပါဝင်ကစားရေး မဆုံးဖြတ်ရသေးပါဘူး။

၎င်းက "နေ့စဉ် ရက်ဆက် အကောင်းဆုံး ဖြစ်နေဖို့ ကြိုးစားတယ်။ ကိုယ့်ကိုယ်ကို အရိုးသားဆုံး ဖြစ်အောင် နေတယ်။ ကောင်းနေရင် ပျော်တယ်။ မကောင်းရင် မပျော်ဘူး။ တကယ်လို့ ပြဿနာ ရှိနေရင် မကစားဘူး။ ဒီတော့ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးပါဘူး။ တစ်ပွဲချင်းစီ ကစားပြီး ရာသီသိမ်းမယ်။ ပြီးရင် ရာသီကြိုကြုံမယ်။ နောက်ခြောက်လကျန်သေးတယ်။ ဘယ်လို ခံစားရမလဲ ကြည့်မယ်။ ဒီမေဂျာလိဂ်ရာသီကို အကောင်းဆုံးသိမ်းနိုင်ဖို့‌ မျှော်လင့်နေတယ်။ ၂၀၂၆ မှာ ကောင်းမွန်တဲ့ ရာသီကြိုကြုံဖို့ မျှော်လင့်တယ်။ ပြီးရင် ဆုံးဖြတ်ချက်တစ်ခုချမယ်"လို့ ပြောကြားသွားပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအား မေဂျာလိဂ်ပလေးအော့ဖ် ပထမအဆင့် ပထမအကျော့ နက်စ်ရှ်ဗီလီနှင့်ပွဲစဉ်တွင် ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ နက်ရှ်ဗီလီအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image