ထရမ့်ကြောင့် ရုရှားရေနံဝယ်ယူမှု တရုတ် ဆိုင်းငံ့
--------------------

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှားကုမ္ပဏီတွေဆီက ရေနံဝယ်ယူမှုတွေကို တရုတ်အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း အောက်တိုဘာ ၂၃ ရက်က Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

အခုသီတင်းပတ်ထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားရဲ့ အကြီးဆုံးရေနံကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ကို စီးပွားရေး ပိတ်ဆို့အရေးယူကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ကုမ္ပဏီ တွေက ရုရှားရေနံတွေကို ပင်လယ်ရေကြောင်းကနေ တင်ပို့မှုတွေကို ဆိုင်းငံ့လိုက်တာလို့ ဆိုပါတယ်။

ရုရှားဆီက အဓိက ရေနံဝယ်လက် နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယကလည်း အမေရိကန်ရဲ့ အဲဒီပိတ်ဆို့ အရေးယူမှု ကြောင့် ရုရှားရေနံတွေကို ပင်လယ်ရေလမ်းကြောင်းကနေ တင်သွင်းနေတဲ့ ပမာဏကို သိသိသာသာ လျှော့ချသွား မယ်လို့ ကြေညာခဲ့ပါတယ်။

ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ရုရှားအစိုးရရဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေမှုတွေကို ဖိအားပေးဖို့ အခုလို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့တာဖြစ်ကြောင်းနဲ့ စစ်ပွဲရပ်သွားရင် အဲဒီပိတ်ဆို့မှုတွေလည်း အမြန်ဆုံး ပျက်ပြယ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

image