မြန်မာနိုင်ငံ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများ လာရောက်ရင်းနှီးမြှုပ်နှံမှုရန်ဖိတ်ခေါ်
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများလာရောက်ရင်းနှီးမြှုပ်နှံမှုရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းသူက ဖိတ်ခေါ်ခဲ့သည်။
၎င်းမှ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပေ့ဟိုင်မြို့တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့သည့် China-ASEAN Environmental Cooperation Forum 2025 ၌ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ဂေဟဗေဒစနစ်မျိုးစုံရှိ၍ မြန်မာအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသောဖွံ့ ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်မူဝါဒမူဘောင်အောက်တွင် မူဝါဒများ၊ အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် BRI International Green Development Coalition (BRIGC)တွင်လည်း ပါဝင်သည်ဟု ပြောသည်။
အဆင့်မြင့်နည်းပညာများ အသုံးပြုမှု၊ ထိရောက်သည့် မူဝါဒများချမှတ်အကောင်အထည်ဖော်မှု၊ အများပြည်သူများအား အသိပညာပေးမှု၊ အတားအဆီးများကို ကျော်လွှားမှုတို့ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လူပုဂ္ဂိုလ်၊ စီးပွားရေး၊ အစိုးရ၊ ပြည်သူ-ပုဂ္ဂလိကပူပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာအရေးပါသည်ဟုလည်း ပြောကြားခဲ့သည်။
ဒု-ဝန်ကြီးဦးမင်းသူနှင့်အတူလိုက်ပါလာသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည်လည်း ခေါင်းစဉ်အသီးသီးဖြင့်ဆွေးနွေးသော ဖိုရမ်ငယ်များကိုပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။