WTA ဖိုင်နယ် ဝင်ခွင့်တစ်နေရာကို ရိုင်ဘာကီနာရရှိ
-------------------

ပန်ပစိဖိတ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီးနောက် ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာဟာ ရာသီပိတ် WTA ဖိုင်နယ်ပြိုင်ပွဲ ဝင်ပြိုင်ခွင့် လက်ကျန်တစ်နေရာကို ရရှိသွားပါတယ်။ ၂၀၂၂ ဝင်ဘယ်ဒန်ပြိုင်ပွဲ ချန်ပီယံ ရိုင်ဘာကီနာဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၀ နေရာမှာရပ်တည်နေသူဖြစ်ပြီး ပန်ပစိဖိတ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ကနေဒါနိုင်ငံသူ အမ်ဘိုကို,ကို အနိုင်ရခဲ့ပြီးနောက် WTA ဖိုင်နယ်ပြိုင်ပွဲဝင်ခွင့် နောက်ဆုံးတစ်နေရာကို ရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် မယ့် WTA ဖိုင်နယ်ပြိုင်ပွဲက အခုနှစ်အတွင်း ရလဒ်အကောင်းဆုံး တင်းနစ်မယ် ၈ ယောက် ပါဝင်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ရိုင်ဘာကီနာဟာ လက်ကျန်ဝင်ခွင့်တစ်နေရာအတွက် ရုရှားတင်းနစ် မယ် အန်ဒရီဗာနဲ့ အပြိုင် ဖြစ်နေ ခဲ့ပြီး ပန်ပစိဖိတ်အိုးပင်း ပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ဖို့ ကို လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်ထိပ်တန်း တင်းနစ်မယ်တွေနဲ့ ပွဲစဉ်တွေယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားစရာ ကောင်းမှာ သေချာ ပါတယ်လို့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ရိုင်ဘာကီနာက ပြောသွားခဲ့ပါတယ်။ အခုနှစ် WTA ဖိုင်နယ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့် ထိပ်တန်းတင်းနစ်မယ်တွေဖြစ်ကြတဲ့ ဆာဘာလန်ကာ၊ ဆွီယာတက်ခ်၊ ကိုကိုဂတ်ဖ်၊ အန်နီဆီမိုဗာ၊ မက်ဒီဆင်ကီးစ်၊ ပီဂူလာ၊ ပါအိုလီနီနဲ့ ရိုင်ဘာကီနာတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

image