ရုရှားလေယာဉ်ပစ်ဒုံးကျည်အစင်း ၅၀၀၀ ပိုင်ဆိုင်ဟု ဗင်နီဇွဲလားသမ္မတပြော
---------------------

ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ရုရှားလုပ် လေယာဉ်ပစ် ဒုံးကျည် အစင်း ၅၀၀၀ လောက် ပိုင်ဆိုင်ထားကြောင်းဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက ကြွေးကြော်ခဲ့တာကို APသတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာချိန်မှာ မာဒူရိုက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလား ရေယာဉ်တွေကို တိုက်ခိုက် နှစ်မြှုပ်ပစ်နေပါတယ်။ အဲဒိနောက်ဗင်နီဇွဲလား ပိုင်နက်ထဲမှာပါ လေကြောင်း စစ်ဆင်ရေးတွေ လုပ်ဆောင်တာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောထားပါသေးတယ်။

အမေရိကန်ဟာ မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအနေနဲ့စွပ်စွဲထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုကြေးထုတ်ထားပါတယ်။ မာဒူရိုကတော့ အဲဒီ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

ထရမ့်က အမေရိကန်ဆီ မူးယစ်မှောင်ခို တင်သွင်းမှု လမ်းကြောင်းတွေကို တားဆီးတိုက်ဖျက်တဲ့ အားထုတ်မှု အစိတ်အပိုင်း တစ်ခုအနေနဲ့ ဗင်နီဇွဲလား ပိုင်နက်ထဲမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်စေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ မာဒူရိုက ဗင်နီဇွဲလားမှာ ရုရှားလုပ် Igla-S ဒုံးကျည် အစင်းပေါင်း ၅၀၀၀ ထက်မနည်း ရှိနေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပါတယ်လို့လည်း စစ်တပ် အရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားသွားပါတယ်။

image