ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲကို အာဆင်နယ်ဗဟိုနောက်ခံလူ ဂါဘရီရယ်လွဲချော်ဖွယ်ရှိ
===================
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက နောက်ခံလူဂါဘရီရယ်မှာ တနင်္ဂနွေနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်နိုင်တဲ့ အနေအထားမှာ ရှိကြောင်း ပြောကြားလာပါတယ်။
ယခုရာသီတွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့ ဂါဘရီရယ်ဟာ ယခုအပတ်အစောပိုင်းတုန်းက အက်သလက်တီကိုအား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရသူ ဖြစ်ပါတယ်။
ဂါဘရီရယ်ဟာ ယခုနှစ်များအတွင်းတွင် အာဆင်နယ်ခံစစ်တွင် အရေးအပါဆုံး ကစားသမားအဖြစ် ကစားလာခဲ့သူ ဖြစ်ပါတယ်။
သူဦးဆောင်တဲ့ အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃ ဂိုးတည်းသာ ပေးထားရပြီး အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် အသက် ၂၆ နှစ်ရှိ ဘရာဇီးနောက်ခံလူဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
ပဲလေ့စ်နှင့်ပွဲမတိုင်မီ အာတီတာက "အက်သလက်တီကိုနဲ့ပွဲမှာ ဂါဘီ ပြဿနာရှိနေလို့ လူစားလဲခဲ့ရတယ်။ သူ ကစားနိုင်မလားဆိုတာ နောက်ထပ် ၂၄ နာရီ စောင့်ကြည့်ရဦးမယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ဂါဘရီရယ် ဒဏ်ရာကြောင့် မရေမရာ ဖြစ်နေချိန်တွင် မာတင်အိုဒီဂတ်၊ ကိုင်ဟာဗတ်ဇ်၊ နိုနီမာဒူကီနှင့် ဂါဘရီရယ်ဂျေဆူးတို့မှာ ဒဏ်ရာကြောင့် ပဲလေ့စ်နှင့်ပွဲကို လွဲချော်လာကြပါမယ်။
အာဆင်နယ်ဟာ ယခုပရီးမီးယားလိဂ်ရာသီတွင် ပွဲစဉ် ၈ အပြီးအထိ ၃ ဂိုးတည်းသာ ပေးထားရပြီး ၂၀၀၄-၀၅ ရာသီတုန်းက မော်ရင်ဟိုဦးဆောင်တဲ့ ချဲလ်ဆီးရဲ့ တစ်ရာသီလုံးပေးဂိုး ၁၅ ဂိုးစံချိန်ကို ရိုက်ချိုးနိုင်မယ့်အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။
အာတီတာက "ဒီလို စံချိန်မျိုးတွေက အဆုံးသတ်မှာ ဆုဖလားတွေ ယူဆောင်လာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ဆုဖလားတွေပါ။ ကျွန်တော်တို့ ပိုပြီးတော့ လုပ်နိုင်ရင် ပိုနီးလာပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်ရာသီဆက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယအဖြစ်သာ ကျေနပ်ခဲ့ရတာပါ။
ဆက်လက်ပြီး အာတီတာက "ပုံမှန်အားဖြင့် အကောင်းဆုံးခံစစ်ပိုင်ဆိုင်တဲ့အသင်းတွေက ချန်ပီယံဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တော့ မဖြစ်ခဲ့ပါဘူး။ အခု ကျွန်တော်တို့ အောက်ခြေပိုခိုင်မာလာပြီ။ အခွင့်အရေး ပိုကောင်းလာပါပြီ"လို့ ပြောကြားသွားပါတယ်။