မြန်မာနိုင်ငံ၌ AI နည်းပညာဖြင့် လျှပ်စစ်ဓာတ်အားပိုမိုရယူအသုံးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံကကူညီပေးရန်ဆွေးနွေး

တရုတ်နိုင်ငံတွင်ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အောက်တိုဘာ ၂၄ ရက်က တရုတ်နိုင်ငံ၊ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့အကြီးအကဲ Mr.Wang Hongzhi နှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် ဝန်ကြီးဦးကိုကိုလွင်မှ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများကိုအခြေခံ၍ စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံနီးကပ်စွာပူးပေါင်းဆောင်ရွက်လိုမှု၊ နှစ်နိုင်ငံအကြီးအကဲများသဘောတူထားပြီးဖြစ်သည့် ကဏ္ဍစုံ၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး၌ တစ်ခုအပါအဝင်ဖြစ်သော စွမ်းအင်ကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်လိုမှုတို့ကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် Green Energy, New Energy သို့ကူးပြောင်းရာ တွင် အဓိကကျသည့်နည်းပညာ၊ အရင်းအနှီး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍသုံးရပ်တွင် တရုတ်နိုင်ငံအနေဖြင့်လိုအပ်သည့် ကူညီအားပေးမှုများပြုလုပ်ပေးနိုင်ရေး၊ AI နည်းပညာကို စွမ်းအင်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် မလွဲမသွေအသုံးပြုရမည်ဖြစ်ရာ အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားပိုမိုရယူ အသုံးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့်ကူညီဆောင်ရွက်ပေးရေးတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ Mr.Wang Hongzhi မှလည်း တရုတ်နိုင်ငံအ နေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံပထဝီအနေအထားအရ အချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေသည်ဟု ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

image