2 ပတ် - ဘာသာပြန်ပါ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်စာချုပ်တွင် ပေါင် ၅၇ သန်းဖြင့် ထွက်ခွာနိုင်မယ့် လျို့ဝှက် အချက်တစ်ခု ပါဝင်နေ
=======================

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ လာမယ့်နှစ် နွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းတည်းဖြင့် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလာနိုင်ပါတယ်။

အသက် ၃၁ နှစ်ရှိ‌ ပေါ်တူဂီစတားဟာ ပြီးခဲ့တဲ့လများအတွင်းတွင် ယူနိုက်တက်မှ ထွက်ခွာမယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဆော်ဒီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့်လည်း ပယ်ချကာ ယူနိုက်တက်တွင်ပင် ဆက်လက် ကစားရန် ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်မှာ ဆိုးရွားတဲ့နှစ်များနှင့် ရင်ဆိုင်နေရပေမယ့်လည်း ထိပ်တန်းအဆင့်သို့ ပြန်လည် ရောက်နိုင်တယ်လို့ ယုံကြည်နေမှုနှင့်အတူ အိုးထရက်ဖို့ဒ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဖာနန်ဒက်စ်အနေဖြင့် လာမယ့် ၂၀၂၆-၂၇ ရာသီမတိုင်မီ ယူနိုက်တက်မှ ထွက်ခွာနိုင်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်နှင့် ချုပ်ဆိုထားတဲ့ စာချုပ်အတွင်းတွင် ပရီးမီးယားလိဂ်ကလပ်မဟုတ်တဲ့ နိုင်ငံခြားကလပ်များက ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းတည်းဖြင့် ခေါ်ယူနိုင်မယ့် အချက်ကို ထည့်သွင်းထားပါတယ်။

ဒါကြောင့်လည်း ဖာနန်ဒက်စ်အနေဖြင့် လာမယ့်နှစ် နွေရာသီတွင် ဆော်ဒီသို့ ပြောင်းရွှေ့နိုင်ခြေ ရှိနေပါတယ်။

ယခုနှစ်တွင် ဆော်ဒီသို့ ပြောင်းရေး ငြင်းပယ်ခဲ့မှုအပေါ် ဖာနန်ဒက်စ်က "ကျွန်တော် အမြဲပြောသလိုပေါ့ ဒီမှာ အားလုံးအဆင်ပြေတယ်။ ကျွန်တော့်အိပ်မက်တွေကို ဒီမှာ အောင်မြင်အောင် လုပ်ချင်နေတုန်းပါ။ ဒါပေမယ့် ကလပ်ဘက် အခြေအနေကတော့ ကျွန်တော် မပြောနိုင်ပါဘူး။ သတင်းတွေ အများကြီးတွေ့ရတယ်။ နောက်ရာသီမှာ ပြောင်းဖို့ သဘောတူညီမှု ရထားပြီလို့ လူတွေ အများကြီး ပြောခဲ့ကြတယ်။ တကယ်လို့ ကလပ်ဘက် သဘောတူလိုက်ပြီ ဆိုရင်တောင် ကျွန်တော့်ဘက်က သဘောတူလိုက်တာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် ဘယ်သူနဲ့ စကားမပြောပါဘူး။ ကျွန်တော့်အကြောင်း ပြောနေကြတဲ့သူတွေ ရှိနေဆဲပါ။ လာမယ့်နှစ်မှာ ကျွန်တော့်ကို ခေါ်ယူချင်ကြတဲ့သူတွေ ရှိနေတုန်းပါ။ ဒါပေမယ့် ကျွန်တော့်ဘက်ကတော့ မပြောပါဘူး။ ကျွန်တော် ဘယ်လို အလုပ်လုပ်လဲ ကျွန်တော့်အေးဂျင့်သိတယ်။ တကယ်လို့ သူ စကားပြောချင်တယ်ဆိုရင်တောင် ကမ္ဘာ့ဖလားပြီးမှ ပြောလာလိမ့်မယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောပါဘူး။ 'ကြည့်စမ်းပါဦး ဆော်ဒီက ကမ်းလှမ်းမှု ရှိတယ်'လို့ ဇနီးကို ပြောလိုက်ချိန်မှာ သူက 'ဒီကလပ်မှာ ရှင်လိုချင်တဲ့ အောင်မြင်မှုအားလုံး ရပြီးလား'လိ့ ပြန်မေးခွန်းထုတ်လာတယ်။ ကျွန်တော် မရသေးပါဘူး။ ဒီကလပ်မှာ ကျွန်တော့်အိပ်မက်မပြည့်သေးမှုနဲ့ပတ်သက်ပြီး ပြောတဲ့အချိန်မှာ သူမ ကျွန်တော့်ကို ပြောတာ‌တွေ အများကြီးပါ။ ဒါတွေ ဖြစ်လာမလား မဖြစ်လာဘူးလားဆိုတာ သူမလည်း မပြောနိုင်သလို ကျွန်တော်လည်း မပြောနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ဘက်က မကြိုးစားကြည့်ရင် ဖြစ်လာမှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီတွင် ကွင်းလယ်အထိုင်နေရာသို့ ဆင်းကစားထားရပြီး ၉ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image