2 ပတ် - ဘာသာပြန်ပါ။

ဘရိုက်တန်နှင့်ပွဲမတိုင်မီ ဒဏ်ရာပြဿနာ ထိုးနှက်ချက် ၂ ခု ကြုံလာရတဲ့ ယူနိုက်တက်
====================

ဟယ်ရီမက်ဂွိုင်းယားနှင့် မေဆင်မောင့်တို့ဟာ ယနေ့ည ဘရိုက်တန်ကို ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေကြပါတယ်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့အပတ်တုန်းက အန်ဖီးလ်တွင် လီဗာပူးအား ၂-၁ ဖြင့် အနိုင်ရရှိအောင် အနိုင်ဂိုးသွင်းခဲ့သူ ဖြစ်ပြီး မေဆင်မောင့်မှာလည်း ပွဲထွက်ကစားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ယနေ့ည ပွဲမတိုင်မီ မက်ဂွိုင်းယားနှင့် မေဆင်မောင့်တို့အား စစ်ဆေးမှု ပြုလုပ်လာရမှာ ဖြစ်ကြောင်း ဆိုလာပါတယ်။

အမိုရမ်က "အသင်း အဆင်ပြေတယ်။ တချို့ ပါဖို့ မသေချာတဲ့သူတော့ ရှိတယ်။ ဒီအပတ်ထဲမှာ ပြဿနာတချို့ ရှိခဲ့တယ်။ ဟယ်ရီမက်ဂွိုင်းယားနဲ့ မေဆင်မောင့်တို့ပါ။ ဒဏ်ရာရနေကြတယ်ဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး။ လီချာ(မာတီနက်ဇ်)လွဲပါမယ်။ ကျန်တဲ့သူတွေက ပွဲတွေ အသင့်ပါ။ ခက်ခဲတဲ့ပွဲဖြစ်လာမယ်လို့ ထင်တယ်။ ဘရိုက်တန်က ကြည့်ကောင်းတဲ့အသင်းပါ။ သူတို့ တည်ဆောက်ပုံအရမ်းကောင်းတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲလုပ်ရမှာ အရမ်းကောင်းတဲ့အသင်းပါ။ ဒီရာသီမှာ သူတို့ အလွတ်တည်ကန်ဘော ကောင်းတယ်။ ပြီးပြည့်စုံတဲ့အသင်းပါ။ ကျွန်တော်တို့ ပါးပါးနပ်နပ် ကစားနိုင်မှ တော်ကာကျမယ်။ သူတို့က အရမ်းတောင့်တင်းတော့ အချိန်ပြည့အာရုံစိုက်ဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။

ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အား နှစ်ကျော့လုံး အနိုင်ယူခဲ့တဲ့အသင်း ဖြစ်ပြီး ကွဲပြားတဲနည်းပြ ၃ ဦးလက်အောက်တွင် အိုးထရက်ဖို့ဒ်မှာ သုံးပွဲဆက် နိုင်ပွဲ ရယူထားပါတယ်။

ဆက်လက်ပြီး ရူဘင်အမိုရမ်က ၎င်းမှာ လက်ရှိ ဘရိုက်တန်နည်းပြ အသက် ၃၂ နှစ်ရှိ ဖေဘီယန်ဟူဇီလာရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

image