ဒေါ်နယ်ထရန့် တောင်ကိုရီးယားရောက်ချိန် ကင်ဂျုံအန်နဲ့တွေ့ဖို့ အခြေအနေတွေရှိကြောင်း တောင်ကိုရီးယားပြော
အောက်တိုဘာ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ အခြေအနေတွေ အများအပြားရှိတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်အတွက် ဗုဒ္ဓဟူးနေ့မှာ ဒေါ်နယ်ထရန့် တောင်ကိုရီးယားကို ရောက်ရှိမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား တွေ့ဆုံပွဲတခုအတွက် အမေရိကန်အစိုးရတာဝန်ရှိသူတွေ သီးသန့်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို အာရုံစိုက်နေပြီး တုံ့ပြန်မှုပုံစံတွေက တွေ့ဆုံဆွေးနွေးဖို့ အလားအလာများစွာရှိကြောင်း ညွှန်ပြနေတယ်လို့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချွန်ဒုံယောင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒေါ်နယ်ထရန့်ကလည်း ကင်ဂျုံအန်နဲ့ ပြန်လည်တွေ့ဆုံဖို့ မျှော်လင့်ကြောင်းနဲ့ ယခုနှစ်အတွင်း ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ထရန့်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်တရာတွေရှိနေပြီး အမေရိကန်အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားစွန့်လွှတ်ရေး တောင်းဆိုမှုတွေကို ရုပ်သိမ်းရင် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားကတော့ ထရန့်လာရောက်ခိုက်မှာ တွေ့ဆုံဖို့အခွင့်အရေးကို လက်လွှတ်မခံဖို့ တိုက်တွန်းထားပါတယ်။ "ကျွန်တော် အခွင့်အရေး ၁ ရာခိုင်နှုန်းတောင် လက်လွတ်မခံချင်ဘူး" လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။
"သူတို့ ဆုံးဖြတ်ချက်ချဖို့ လိုတယ်" ဆိုပါတယ်။
ကင်ဂျုံအန်နဲ့ ထရန့်တို့ဟာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်ရှိ ပူးတွဲလုံခြုံရေးဧရိယာ (JSA) ပန်မွန်ဂျုံရွာမှာ ၂၀၁၉ ခုနှစ်က တွေ့ဆုံခဲ့ကြပါတယ်။ ဒီနေရာဟာ နှစ်ဖက်တပ်ဖွဲ့တွေ ဆိုင်ထားတဲ့နေရာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ယခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် JSA အနီးရှိ နေရာတွေမှာ ပေါင်းပင်နှုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ ပန်းခင်းတွေ ပြန်လည်စိုက်ပျိုးတာတွေအပါအဝင် ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးကဆိုပါတယ်။ ထရန့်ဟာ သူ့ရဲ့ ပထမအကြိမ် သက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။