2 ပတ် - ဘာသာပြန်ပါ။

ဗင်နီဇွဲလားနဲ့ တင်းမာနေချိန် ကာရစ်ဘီယံ‌ဒေသကို ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘော အမေရိကန်စေလွှတ်

အောက်တိုဘာ၂၅

ဗင်နီဇွဲလားနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်ဟာ ဒေသတွင်း စစ်ရေးတည်ဆောက်မှုကို အဓိကတိုးမြှင့်မှုအဖြစ် ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကို ကာရစ်ဘီယံ‌ဒေသကို စေလွှတ်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ်က လေယာဉ် ၉၀ အထိ တင်ဆောင်နိုင်တဲ့ USS Gerald R Ford လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ်ကနေ ကာရစ်ဘီယံ‌ဒေသကို ရွှေ့ပြောင်းဖို့ သောကြာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကတော့ အမေရိကန်ဟာ ထာ၀ရစစ်ပွဲတခုကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ စစ်ပွဲမှာ ဘယ်တော့မှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ပြီး စစ်ပွဲတခုကို ဖန်တီးနေကြတယ်လို့ ဝေဖန်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဟာ ကာရစ်ဘီယံမှာ သူ့ရဲ့ စစ်ရေးတည်ရှိမှုကို တိုးမြှင့်နေပြီး မူးယစ်ဆေးဝါး မှောင်ခိုသမားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးလို့ဆိုကာ စစ်သင်္ဘောတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတစင်းနဲ့ F-35 တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။

မူးယစ်မှောင်ခို ရေယာဉ်တွေကို ဗုံးကြဲတိုက်ခိုက်မှု ဆယ်ကြိမ် ပြုလုပ်ခဲ့ပြီး သောကြာနေ့ကတိုက်ခိုက်မှုတခုမှာတော့ မူးယစ်ဆေးဝါး အကြမ်းဖက်သမား ခြောက်ယောက်သေဆုံးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိအချိန်ထိ လူ ၄၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ ဒေသတွင်းမှာ ရှုတ်ချမှုများ ဖြစ်ပေါ်စေခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ ဒီလုပ်ရပ်က တရားဝင်လားဆိုတာမျိုး မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

ထရန့်အစိုးရဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲတခု ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပေမယ့် မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရကို မတည်မငြိမ်ဖြစ်စေဖို့ ကြိုးပမ်းမှုတခုအနေနဲ့ ခြိမ်းခြောက်မှုလှုပ်ရှားမှုတခု စတင်နေတာလို့ စွပ်စွဲချက်တွေရှိနေပါတယ်။
မာဒူရိုဟာ ထရမ့်ရဲ့ ယခင်ကတည်းက ရန်သူတော်ဖြစ်ပြီး မာဒူရိုဟာ မူးယစ်ဆေးဝါးဂိုဏ်းတခုရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။

သောကြာနေ့က ပင်တဂွန်ရဲ့ ကြေညာချက်မှာတော့ USS Gerald R Ford လေယာဉ်တင်သင်္ဘောဟာ ဗဟိုအမေရိကနဲ့ တောင်အမေရိကအပြင် ကာရစ်ဘီယံတို့ပါဝင်တဲ့ အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုဧရိယာသို့ ဖြန့်ကျက်မယ်လို့ ဆိုပါတယ်။

လက်ရှိအင်အားချထားမှုဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဟန့်တားဖို့နဲ့ နိုင်ငံတကာ မူးယစ်အဖွဲ့အစည်းတွေကို ဖြိုခွင်းသွားဖို့ အရင်ရှိပြီးသားစွမ်းရည်ကို ထပ်တိုးနိုင်လိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

image