2 ပတ် - ဘာသာပြန်ပါ။

လိဒ်ကို ရှုံးနိမ့်ပြီးနောက် ၅၂ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်လာရတဲ့ ဝက်စ်ဟမ်း
======================

ဝက်စ်ဟမ်းဟာ သောကြာနေ့ညနေတုန်းက လိဒ်ကို ရှုံးနိမ့်ပြီးနောက် ၅၂ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစနှင့် ကြုံနေရပါတယ်။

ဝက်စ်ဟမ်းဟာ လိဒ်ရှုံးပွဲကြောင့် နည်းပြနူနိုအက်စ်ပီရီတိုဆန်တို လက်ထက် သုံးပွဲဆက်အရှုံးဖြင့် ကြုံနေရပါတယ်။ နူနိုအက်စ်ပီရီတိုဆန်တိုဟာ စက်တင်ဘာလမှ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုး ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ဝက်စ်ဟမ်းကို နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။

ဝက်စ်ဟမ်းဟာ ယခုရာသီမှာ နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေရပါတယ်။
ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အပြီး ရမှတ် ၄ မှတ်တည်းသာ ရယူထားနိုင်ပြီးနောက် လိဒ်ရှုံးပွဲနှင့်အတူ ၁၉၃၂-၃၃ နှင့် ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစ ရလဒ်နှင့် ကြုံနေရတာပါ။

ဝက်စ်ဟမ်းဟာ နည်းပြသစ်လက်ထက်မှာလည်း ရလဒ်ကောင်း ရရှိရေး ဆက်လက် ရုန်းကန်နေရမှုနှင့်အတူ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်ရတော့မှာလည်း ဖြစ်ပါတယ်။
နူနိုအက်စ်ပီရီတိုဆန်တိုက "ကံဆိုးစွာပဲ ကျွန်တော်တို့ကလပ်မှာ ပြဿနာတွေ ရှိနေတယ်။ ပြဿနာတွေကို ရှောင်ပုန်းနေစရာ မရှိပါဘူး။ အားလုံး ရှင်သန်နေရမယ်၊ ပြီးတော့ ပိုအလုပ်လုပ်ရမယ်၊ အားလုံး သင့်တော်တဲ့နေရာမှာ ရှိရပါမယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် နူနိုဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက မန်နူရယ်ပယ်လီဂရီနီနောက်ပိုင်းတွင် ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် ၄ ပွဲတွင် နိုင်ပွဲမရရှိတဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

ဆက်လက်ပြီး ပေါ်တူဂီလူမျိုးနည်းပြက "အရည်အသွေးတွေ ရှိတယ်။ အချိန်အခါဆိုတာ ရှိတယ်။ ဒါပေမယ့် မပြောင်းလဲရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ဟန်အမူအယာတွေ ပြောင်းရမယ်။ ချဉ်းကပ်ပုံတွေ ပြောင်းရမယ်။ ပိုကောင်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်။ ပြင်ဆင်မှုကောင်းကောင်းလုပ်ပြီး အလုပ်ကြိုးစားရမယ်။ အားလုံးက တကယ်ပဲ ဖြစ်နေတာပါ။ အလျှင်အမြန်မပြောင်းလဲဘူးဆိုရင် အမှားတစ်ခု လုပ်မိနိုင်တဲ့ အချိန် ကြုံလာရပါမယ်"လို့ ပြောကြားသွားပါတယ်။
ဝက်စ်ဟမ်းရဲ့ အဓိကပြဿနာများထဲမှ တစ်ခုတွင် ခံစစ်ပြဿနာ ပါဝင်နေပါတယ်။ ဝက်စ်ဟမ်းဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ အထိ ပေးထားရပြီး အမှတ်ပေးဇယားကြမ်းခင်းမှ ဝုဗ်ထက် ၄ ဂိုး ပိုပေးထားရပါတယ်။
ဝက်စ်ဟမ်းရဲ့ ပေးဂိုးများမှ ၉ ဂိုးကို ထောင့်ကန်ဘောမှ ပေးထားရတာ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲစဉ် ၉ အပြီး ထောင့်ကန်ဘောမှ ပေးဂိုးအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

image