2 ပတ် - ဘာသာပြန်ပါ။

တခဏအတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး၏ မျက်နှာပြင် ပြင်းထန်သော ပူလောင်ဒဏ်ရာရခဲ့
မကြာသေးမီက တရုတ်နိုင်ငံ ဟယ်ပေပြည်နယ် ဟန်တန်မြို့တွင် အမျိုးသမီးတစ်ဦးသည် အင်တာနက်ပေါ်က နည်းလမ်းကို အတုယူကာ ရှလကာရည်နှင့် သကြားကို အသုံးပြုပြီး ရေနွေးအိုးထဲမှ ဂျိုးချွတ်ရန် ကြိုးစားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အိုးအတွင်းရှိ အပူချိန်မြင့် အရည်များ ရုတ်တရက် ပန်းထွက်ခဲ့ကာ အဆိုပါအမျိုးသမီး၏ မျက်နှာပြင်ကို ပူလောင်ဒဏ်ရာရစေခဲ့သည်။
အဆိုပါအမျိုးသမီးက "ကျွန်မ ရေနွေးအိုးထဲကို ရှလကာရည်အဖြူနဲ့ သကြားထည့်လိုက်တယ်။ တစ်မိနစ်လောက်ကြာတဲ့အခါ ဂျိုးတွေကြွေကျသွားရဲ့လားဆိုပြီး သွားကြည့်တဲ့အချိန်မှာ ရေနွေးအိုးက ‘ဝုန်း’ဆိုပြီး ရုတ်တရက် ပေါက်ကွဲသွားတယ်။ ရေတွေက မျက်နှာပေါ်ကို စင်ကုန်တယ်" ဟု ပြောသည်။ ယင်းအမျိုးသမီးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ "အရမ်းအန္တရာယ်များတယ်။ ကျွန်မ မျက်နှာကို ရေသန့်သန့်နဲ့ အရင်ဆေးပြီးမှ အနီးအနားက ဆေးခန်းကို သွားခဲ့ရတယ်" ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်တွင် သူမသည် ပြန်လည်နာလန်ထူလျက်ရှိပြီဖြစ်သည်။
ရှလကာရည်အဖြူနှင့် သကြားရောစပ်ခြင်းသည် အဘယ်ကြောင့် ပေါက်ကွဲမှုဖြစ်စေသနည်း။ သာမန်အသုံးပြုနေကျသော ရှလကာရည်နှင့် သကြားသည် ရေနွေးအိုး၏ အန္တရာယ်ရင်းမြစ်အဖြစ် မည်သို့ပြောင်းလဲသွားသနည်း။ ရှလကာရည်အတွင်းရှိ အက်ဆီတစ်အက်ဆစ်သည် ရေဂျိုးထဲမှ ကယ်လ်ဆီယမ်ကာဗွန်နိတ်၊ မဂ္ဂနီစီယမ် ဟိုက်ဒရောဆိုဒ် စသည့် အယ်လ်ကာလိုင်းဓာတ်ပစ္စည်းများနှင့် ဓာတုတုံ့ပြန်မှုဖြစ်ပေါ်သည့်အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထုတ်လုပ်သည်။ အကယ်၍ ဤရောစပ်မှုသည် ရေနွေးအိုး (သို့) ရေပုံးကဲ့သို့သော လေလုံသောနေရာတွင် ရှိနေပါက ထွက်ပေါ်လာသည့် ဓာတ်ငွေ့များ လုံလောက်စွာ မထွက်ရှိနိုင်ဘဲ အတွင်းဖိအားသည် ရုတ်တရက် သိသိသာသာ မြင့်တက်လာကာ ကွန်တိန်နာ ကွဲအက်ခြင်း (သို့) အရည်များ ပန်းထွက်ခြင်းကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် သကြားပမာဏ လွန်ကဲစွာထည့်မိခြင်း (သို့) အပူပေးချိန် ကြာမြင့်ခြင်းတို့သည် တုံ့ပြန်မှုကို ပိုမိုပြင်းထန်စေနိုင်သည်။

image