သီပေါ - နမ္မတူ လမ်းဘက် မန်လီရွာအထိ စစ်ကြောင်းတွေ ရောက်လာ
အောက်တိုဘာ ၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု၊ သီပေါ - နမ္မတူ လမ်းဘက် မန်လီရွာအထိ လက်ရှိ အစိုးရတပ်ဖွဲ့ စစ်ကြောင်းရောက်လာကြောင်း ဒေသခံတွေစီက သိရပါတယ်။
“စစ်ကြောင်းတွေက မန်လီ ရောက်သွားပြီလို့ ကြားတယ်။ ၅၀၃၊ ၅၀၄ လည်း ရသွားပြီလေ။ ပန်လုံရောက်ရင်တော့ နမ္မတူ နဲ့ နမ့်ဆန် လမ်းခွဲရောက်ပြီ။” လို့ သီပေါ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မန်လီရွာက သီပေါ - နမ္မတူလမ်းကြောင်းပေါ်မှာရှိပြီး မန်လီရွာ နဲ့ ပန်လုံရွာက ၇ မိုင်လောက်တော့ ဝေးဦးမယ်လို့ သူက ပြောပါတယ်။
“စစ်တပ် စစ်ကြောင်းက မိုးတေ ကျော်သွားပြီ။ မိုးတေကတော့ ခုတောင် အေးအေး ဆေးဆေး နေလို့ ရနေပြီ” လို့ နောက်ထပ်ဒေသခံ မျိုးသား တယောက်ကပြောပါတယ်။
စစ်ကြောင်းတွေက တဟုန်ထိုး စစ်ကြောင်းလိုက်ထိုးတဲ့ အနေအထား မတွေ့ရဘဲ လေကြောင်းနဲ့ပဲ ဗုံးကြဲတိုက်ခိုက်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
သီပေါမြို့ထဲ အစိုးရတပ်ဖွဲ့ ဝင်လာပြီးနောက် TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သီပေါ - မိုးတေ - မံစံ - နမ္မတူ လမ်းကြောင်းဘက် ဆုတ်နေတာကြောင့် စစ်ကြောင်းတွေက အဲဒီ လမ်းကြောင်းအတိုင်းလိုက်ထိုးတာလို့ ယူဆရကြောင်း သူက ပြောပါတယ်။
သီပေါမြို့ကို မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလ ၁၃ ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့ရာက တစ်နှစ်ကျော်အကြာ အခုလ အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက အစိုးရတပ်ဖွဲ့က ပြန်လည်း သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။