ခရစ္စတီယာနိုရော်နယ်ဒိုနှင့် မက်ဆီတို့ မရရှိခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ရရှိလာတဲ့ ဟယ်ရီကိန်း
===================

ဟယ်ရီကိန်းဟာ မနေ့ညတုန်းက ကလပ်ဘရုဂျက်ကို ဘိုင်ယန်မြူးနစ်တို့ ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင်ပင် မရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ပိုင်ဆိုင်လာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘရုဂျက်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယဂိုးအား ပွဲချိန် ၁၄ မိနစ်တွင် ကစားသမားဘဝအတွင်း အလွယ်ကူဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် ကွန်ရက်လိုင်မာရဲ့ ဖြတ်တင်ဘောကနေ အတားအဆီးမဲ့စွာ ပိတ်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၁၂ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းမှတ်တမ်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုရော လီယွန်နယ်မက်ဆီပါ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင်ပင် မရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်း ဖြစ်ပါတယ်။

မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွင် တစ်ရာသီအတွင်း ပထမဆုံးဂိုး ၂၀ ပြည့် သွင်းယူနိုင်ရန်အတွက် ၁၇ ပွဲနှင့် ၁၃ ပွဲစီအသီးသီး ကစားခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီတွင် ၅၄ မိနစ်ကစားတိုင်း တစ်ဂိုးသွင်းနိုင်တဲ့ ကြောက်ခမန်းလိလိဂိုးသွင်းမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် မနေ့ညက ပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးသွင်းခဲ့တဲ့ လန်နတ်ကားလ်မှာလည်း ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်တွင် အသက်အငယ်ဆုံးဂိုးသွင်းယူသူ ဖြစ်လာပါတယ်။

လန်နတ်ကားလ်ဟာ ယခင်စံချိန်ရှင် ဂျာမယ်မူစီယာလာရဲ့ စံချိန်ကို ၁၂၁ ရက်စောပြီး စံချိန်သစ် ရေးထိုးလာတာလည်း ဖြစ်ပါတယ်။

တဖက်တွင် ဘိုင်ယန်မြူးနစ်ဟာလည်း ကလပ်ဘရုဂျက်ကို အနိုင်ရရှိပြီးနောက် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၀၀ ရာခိုင်နှုန်းအနိုင်ရရှိမှုမှတ်တမ်းအား ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မနေ့ညက နိုင်ပွဲကြောင့် ရမှတ် ၉ မှတ်ဖြင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်လာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြင်သစ်သို့ သွားရောက်ပြီး လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရပါမယ်။ ကလပ်ဘရုဂျက်ကတော့ ဘာစီလိုနာကို ဧည့်ခံကစားရပါမယ်။

image