ဆယ်ကျော်သက်ကစားသမားများနှင့် သမိုင်းဝင်ချန်ပီယံလိဂ်ညတစ်ညရေးထိုးလာတဲ့ ချဲလ်ဆီး
=====================
ချဲလ်ဆီးရဲ့ ဆယ်ကျော်သက်ကစားသမားများဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် အေဂျက်စ်အား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် သမိုင်းဝင် ချန်ပီယံလိဂ်ညတစ်ည ပိုင်ဆိုင်ခဲ့ပါတယ်။
ချဲလ်ဆီးရဲ့မာ့ခ်ဂူယူ၊ အက်စ်တီဗိုအာ၊ တိုင်ရီကေးဂျော့နှင့် ရယ်ဂျီဝတ်ရှ်တို့ သမိုင်းမှတ်တမ်းသစ် ရေးထိုးလာကြတာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့တုန်းက အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ ရယ်ဂျီဝတ်ရှ်ဟာ ပွဲချိန် ၆၅ မိနစ်တွင် ရိုမီယိုလာဗီယာအစား လူစားဝင်ရောက်လာပြီးနောက် ချဲလ်ဆီးသမိုင်းတွင် ချန်ပီယံလိဂ်ကစားခွင့်ရ တတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာသလို အင်္ဂလိပ်ကစားသမားတစ်ဦးအနေဖြင့် ဒုတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။ သူဟာ ဂျက်ဝီရှိုင်းယားပြီးလျှင် ချန်ပီယံလိဂ်ကစားခွင့်ရ ဒုတိယအသက်အငယ်ဆုံးအင်္ဂလိပ်ကစားသမား ဖြစ်လာတာပါ။
အလယ်တန်းကစားသမားဝတ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်ဖရင့်လိဂ်တွင် ပါဝင်ကစားပြီး ၁၆ နှစ်နှင့် ၁၉၃ ရက်ဖြင့် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးဥရောပကစားခွင့်ရသူ အဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့လက လင်ကွန်းနှင့် လိဂ်ဖလားပွဲတွင် ကစားကာ ၁၆ နှစ်နှင့် ၃၃၈ ရက်ဖြင့် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးလိဂ်ပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့ပါသေးတယ်။
မနေ့ညက အေဂျက်စ်နှင့်ပွဲတွင် ချဲလ်ဆီးဟာ အသက် ၁၉ နှစ်အရွယ်ရှိ မာ့ခ်ဂူယူ၊ အသက် ၁၈ နှစ်အရွယ်ရှိ အက်စ်တီဗာအို၊ တိုင်ရီကေးဂျော့တို့ ဂိုးသွင်းနိုင်ခဲ့မှုနှင့်အတူ ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် ဆယ်ကျော်သက်ကစားသမား ၃ ဦး ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
မာ့ခ်ဂူယူဟာ မနေ့ညက ပွဲတွင် ဂိုးသွင်းပြီးနောက် ချဲလ်ဆီးသမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ခဲ့ပေမယ့်လည်း ၃၃ မိနစ်အကြာမှာပင် အက်စ်တီဗာအိုက ပင်နယ်တီမှ တဆင့် ဂိုးသွင်းကာ စံချိန်ရိုက်ချိုးခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် ချဲလ်ဆီးတောင်ပံကစားသမားဂျေမီဂတ်တန်မှာလည်း ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် အခွင့်အရေး ၅ ကြိမ်နှင့်အထက် ဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံးချဲလ်ဆီးကစားသမား ဖြစ်လာပါတယ်။ သူဟာ ယခင်တုန်းက အေဒင်ဟာဇက်တင်ထားခဲ့တဲ့ စံချိန်ကို ၂၁ နှစ်နှင့် ၇၅ ရက်ဖြင့် ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။