ပင်နယ်တီပြဿနာ ကြီးသထက် ကြီးထွားလာတဲ့ အက်စတွန်ဗီလာ
======================

အက်စတွန်ဗီလာဟာ ယခုရာသီ အစပိုင်းတုန်းက ဂိုးသွင်းပြဿနာ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ဗီလာရဲ့ ပြဿနာက ပင်နယ်တီ ပြဿနာ ဖြစ်နေပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းရဖို့ ရှိနေပါတယ်။

အခုဆိုရင် ဗီလာရဲ့ ပင်နယ်တီ ပြဿနာက ပိုလို့တောင် ကြီးထွားလာပါပြီ။

ကြာသပတေးနေ့တုန်းက ယူရိုပါလိဂ်မှာ Go Ahead Eagles ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ဗီလာရဲ့ ပြိုင်ပွဲအရပ်ရပ် ၅ ပွဲဆက်နိုင်ပွဲ ရရှိမှု အဆုံးသတ်သွားခဲ့ပါတယ်။

ဒါပေမယ့် တကယ်လို့များ ၇၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အီမီလီယာနိုဘူအန်ဒီအာသာ ဝင်အောင် သွင်းနိုင်ခဲ့မယ်ဆိုရင် အခုလို ရလဒ် ထွက်လာမှာ မဟုတ်ဘဲ ရလဒ် ပြောင်းလဲ လာပါမယ်။

အာဂျင်တီးနားကစားသမားရဲ့ ပင်နယ်တီ လွဲချော်သွားမှုနှင့်အတူ အိမ်ရှင်အသင်းဟာ နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

ဗီလာဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်းမှာ ၆ ကြိမ်မြောက် ပင်နယ်တီ လွဲခဲ့တာ ဖြစ်ပြီး ယခုရာသီ ဥရောပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် လွဲချော်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဘိုလော့ဂ်နာနှင့်ပွဲမှာလည်း အိုလီဝတ်ကင် ပင်နယ်တီလွဲခဲ့ပါသေးတယ်။

အူနိုင်းအမ်မရီရဲ့အသင်းဟာ ခါရာဘောင်ဖလားမှာလည်း ပင်နယ်တီအဆုံးအဖြတ်မှာ ဘရန့်ဖို့ဒ်ကို အံ့ဩသင့်စရာ မရှိ ရှုံးထားပါသေးတယ်။

အခုဆိုရင် ဗီလာဟာ ပြီးခဲ့တဲ့ရာသီအစမှ စတင်ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ယခုအချိန်အထိ ပင်နယ်တီ ၆ ကြိမ်လွဲထားကာ ပင်နယ်တီမဝင်ဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် ရပ်တည်နေပါတယ်။ မန်စီးတီးနှင့် အာဆင်နယ်တို့ကလည်း ၄ ကြိမ်လွဲထားကာ ဒုတိယနေရာက ကပ်လိုက်နေကြပါတယ်။

ဒါ့အပြင် ဗီလာဟာ ၂၀၂၃-၂၄ ရာသီနောက်ပိုင်းမှာ ဥရောပပြိုင်ပွဲတွေမှာ ပင်နယ်တီ ၅ ကြိမ်အထိ လွဲထားကာ ဥရောပပြိုင်ပွဲသုံးရပ်လုံး ပင်နယ်တီလွဲထားပါတယ်။

ဘူအန်ဒီအာက ပင်နယ်တီဦးစားပေးကန်သူတော့ မဟုတ်ပါဘူး။ သူ နောက်ဆုံးအကြိမ် ပင်နယ်တီကန်ခဲ့တာ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလတုန်းက ဖြစ်ပါတယ်။ ဝတ်ကင် လူစားလဲထားပြီး ဖြစ်နေမှုနှင့်အတူ ပင်နယ်တီကန်ဖို့ တာဝန်ကို သူ ရယူခဲ့တာပါ။
တကယ်တော့ ဗီလာမှာ ဘူအန်ဒီအာအပြင် အခြားပင်နယ်တီကန်နိုင်စွမ်းရှိသူတွေလည်း ရှိကြပါတယ်။

ယူနိုက်တက်ကနေ အငှားဖြင့် လာရောက်ကစားနေတဲ့ ဆန်ချိုဆိုရင် ပင်နယ်တီအတွေ့အကြုံအများကြီး ရှိသူပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဒေါ့မွန်မှာ စတင်ကစားပြီးတဲ့နောက်ပိုင်း စီနီယာကလပ်အဆင့်မှာ ပင်နယ်တီ သုံးကြိမ်ဆက်ဝင်အောင် သွင်းထားပါတယ်။

အခု ဗီလာရဲ့ ပင်နယ်တီပြဿနာကို ဖြေရှင်းဖို့ ခေါင်းပေါ် ကျရောက်လာသူကတော့ ဗီလာရဲ့ အလွတ်တည်ကန်ဘောနည်းပြအော်စတင်မက်ဖီး ဖြစ်ပါတယ်။ သူက ဗြိတိန်ဘောလုံးလောကမှာ လူရိုသေ ရှင်ရိုသေ အလွတ်တည်ကန်ဘောနည်းပြလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်တုန်းက ဒိန်းစမစ် လက်ထက်မှာ ဗီလာသို့ ရောက်လာခဲ့သူ ဖြစ်ပြီး ပေါ်တူဂီအသင်းမှာလည်း ပူးတွဲတာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

image
image
image