အပိုးကျိုးစေရန် တုန်လှုပ်စရာရှုံးပွဲ လိုအပ်နေခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်
====================
ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာက ပတ်ဝန်းကျင်တစ်ခုလုံး နှိမ့်ချနေထိုင်စေရန်အတွက် အသင်းတွင် တုန်လှုပ်စရာရှုံးပွဲလိုအပ်နေကြောင်း ပြောကြားလာပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ကလပ်သက်တမ်း ၁၀၁ နှစ်အတွင်း ပထမဆုံးအိမ်ကွင်းအဖြစ် မနေ့ညတုန်းက AEK Larnaca နှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ပထမဆုံးအိမ်ကွင်းပွဲဖြစ်ရာ ကွင်းတွင်း ကွင်းပြင် ပရိသတ်အားပေးသံ ဆူညံနေခဲ့ကြပါတယ်။ ပရိသတ်များဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်ဖေလား ဆွတ်ခူးမှုနှင့်ပတ်သက်ပြီး သီချင်းများ သီဆိုကြပါတယ်။
ဒါ့အပြင် ပွဲစမတင်မီအချိန်တွင်လည်း "we are the boys who will win your little game" ဆိုတဲ့စာသားပါ နဖူးစည်းကိုလည်း ပြသခဲ့ပါသေးတယ်။
ပဲလေ့စ်ပရိသတ်များဟာ ဖေဖော်ဝါရီလနောက်ပိင်းမှာ အိမ်ကွင်းတွင် ရှုံးပွဲမရှိထားမှုနှင့်အတူ ဆိုက်စ်ပရပ်စ်ကလပ်ကို အလွယ်တကူပင် အနိုင်ရရှိမယ်လို့ ယုံကြည်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပဲလေ့စ်ဟာ အခွင့်အရေး ၁၅ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်မှု ၁ ကြိမ်တည်းသာ ရှိခဲ့ကာ ၁-၀ ဂိုးဖြင့် အရေးနိမ့်ပါတယ်။
ဒီပွဲပထမပိုင်းမှာ ဂျိန်းဖီးလစ်ပီမာတီတာ အနီးကပ်ဗော်လီကန်ခွင့်ရခဲ့ပေမယ့် အပေါ်ဘားထိသွားသလို အက်ဒီအန်ကီတီယာဟာလည်း ၅ ကိုက်အကွာမှ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။
ဒါကြောင့်လည်း ဂလပ်စ်နာက "ပရီးမီးယားလိဂ်မှာ ကစားနေတဲ့အသင်းဆိုရင် ကွန်ဖရင့်လိဂ်ရမယ်လို့ လူတိုင်း ပြောတယ်။ နှိမ့်ချနေကြပါ။ ပထမဝင်ပြိုင်ခွင့်ရတဲ့အသင်း ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖူးသလား မသိပါဘူး။ ဖြစ်မယ်လို့လည်း မထင်ပါဘူး။ ဒါက သင်ခန်းစာယူရမယ်။ ကစားသမားတွေ သင်ယူရမယ်။ စိတ်ပျက်စရာပါ။ စိတ်ပျက်စရာ ညပါ။ ဒါမှ မဟုတ် ဒီပတ်ဝန်းကျင်တစ်ခုလုံး နှိမ့်ချနေတတ်ဖို့ လိုအပ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ထားသလို အောက်တိုဘာလတုန်းက အဲဗာတန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲအရပ်ရပ် ၁၉ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းလည်း အဆုံးသတ်ထားပါတယ်။
ပဲလေ့စ်ဟာ နောက်ဆုံး ၃ ပွဲမှာ ပြိုင်ဘက်များကို အသာစီးဖြင့် လွှမ်းမိုးကစားထားနိုင်ခဲ့တာပါ။
ပဲလေ့စ်ရဲ့ ပြိုင်ဘက်လာနာကာက ယခင်တုန်းက အင်္ဂလိပ်ကလပ်တွေနဲ့ နှစ်ကြိမ်တည်းသာ ရင်ဆိုင်ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်တုန်းက ဝက်စ်ဟမ်းကို နှစ်ကျော့ပေါင်းရလဒ် ၆-၀ ဖြင့် အရေးနိမ့်ဖူးပါတယ်။