သံပုရာကန် ရေနံချက်စက်ရုံစီမံကိန်း တရုတ်ကုမ္ပဏီကို လုပ်ခွင့်ပေး
အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ အထက် မင်းလှမြို့နယ်မှာ တည်ရှိတဲ့ သံပုရာကန်ရေနံချက်စက်ရုံ စီမံကိန်းကို တရုတ်ကုမ္ပဏီ Sino-pipeline International (SPI) ကနေ တာဝန်ယူဆောင်ရွက်သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာန (MOE) ကနေ သိရပါတယ်။
ရေနံချက်စက်ရုံသစ်စီမံကိန်းအတွက် လိုအပ်တဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်နိုင်ဖို့ ပိုက်လိုင်းတွေ သွယ်တန်းနိုင်ရေး၊ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ စွမ်းရည်အပြည့် အသုံးပြုနိုင်ဖို့အတွက် ကနဦးဆန်းစစ်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ SPI ကုမ္ပဏီဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး စီမံကိန်းအတွက် ကနဦးဆန်းစစ်ခြင်းတွေကို လျင်မြန်စွာ စတင်ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရေနံချက်စက်ရုံတွေ အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက် လိုအပ်တဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ် ရရှိနိုင်ရေးနဲ့ ပိုက်လိုက်လုံခြုံရေးနဲ့ ပိုက်လိုင်းတစ်လျှောက် နယ်မြေဒေသတွေ တည်ငြိမ်အေးချမ်းစေဖို့ ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မန်းသံပုရာကန် ရေနံချက်စက်ရုံက ပြည်တွင်းက ရေနံချက်စက်ရုံတွေအနက် အဓိကစက်ရုံတစ်ခုလည်းဖြစ်ပြီး လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနဲ့ ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
တရုတ် SPI ကုမ္ပဏီက တာဝန်ယူတည်ဆောက်မယ့် သံပုရာကန် ရေနံချက်စက်ရုံသစ်အတွက် လိုအပ်မယ့် ရေနံစိမ်းတွေကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကနေ ရယူပြီး စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။



