◾️မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေလူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု ယနေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံးသူမှာအသက် (၂၂)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း၊ လက်ရှိတွင် မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"သူတို့တွေက ကုမ္ပဏီဝန်ထမ်းလေးတွေဆိုတော့ အတူနေတဲ့ဝန်ထမ်းတစ်ယောက်က အပေါ့ထသွားရင်းတွေ့တာ။ သူကမြေညီထပ်အပြင်မှာပါပဲ။ ရဲကတော့သူ့ဖုန်းကိုယူသွားတယ်။ ဘာမှတ်ချက်မှတော့ထွက်မလာသေးဘူး'' ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာညွန့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင်လည်း မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၌ အသက် (၇၄) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နေအိမ်ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာမျှဝေပရဟိတအဖွဲ့ထံမှသိရသည်။