လတ်တလော နာမည်ကြီးနေတဲ့ သတင်းတစ်ခုကတော့ ကမ္ဘာမှာ လနောက်တစ်စင်း ရှိလာတယ်ဆိုတဲ့ သတင်းပါ။
တကယ်တော့ ဒီသတင်းဟာ အမှန်တစ်ဝက်အမှားတစ်ဝက် ပါတဲ့ သတင်းမျိုးဖြစ်တာမို့ ဒီအကြောင်းကို နည်းနည်းလောက်ရှင်းပြရပါမယ်။
NASA က ထုတ်ပြန်လာတဲ့ လေ့လာချက်တစ်ခုအရ ဥက္ကာပျံ (Asteroid) တစ်ခုဖြစ်တဲ့ 2025 PN7 ဟာ ကမ္ဘာရဲ့ "Quasi-moon" (ကွာစီမွန်း) ဖြစ်လာတယ်လို့ ဆိုပါတယ်။"Moon" (လ) လို့ဆိုထားတာမို့ နောက်လတစ်စင်းအသစ် ပေါ်လာပြီလို့ ဘာသာပြန်သတင်းတင်ကြသူတွေလည်း ရှိပါတယ်။
တကယ်တော့ Quasi-moon ဆိုတာ လအစစ်မဟုတ်ပါဘူး။
သူက ကျွန်တော်တို့ရဲ့ လ (Moon) လိုမျိုး ကမ္ဘာကို ဗဟိုပြုပြီး လှည့်ပတ်နေတာမျိုး မဟုတ်ပါဘူး။
Quasi-moon တွေဟာ ကမ္ဘာနဲ့ မလှမ်းမကမ်း နေရာတစ်ခုကနေ နေ ကို လိုက်လံ ပတ်နေတာမျိုး ဖြစ်ပါတယ်။ဥက္ကာခဲတွေဖြစ်ကြပါတယ်။
ဒီလိုဖြစ်ရတာကလည်း နေကို ပတ်နေတဲ့ သူရဲ့ ပတ်လမ်းကြောင်းဟာ ကမ္ဘာရဲ့ ပတ်လမ်းကြောင်းနဲ့ တစ်ချိန်မှာ သွားရောက် တူညီနေတာ ဖြစ်တတ်တာမို့ပါ။ လရဲ့ကမ္ဘာကိုပတ်နေတဲ့ လမ်းကြောင်းက စက်ဝိုင်းပုံစံဖြစ်ပေမယ့် သူတို့ရဲ့ လမ်းကြောင်းက ဘဲဥပုံဖြစ်ပါတယ်။
တကယ့် လအသစ် ပေါ်လာတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အခုလို လမ်းကြောင်းထပ်တူနီးပါးကနေ နေကို အတူတူ ပတ်နေကြတာမျိုးဟာ ဆယ်စုနှစ်တော်တော်များများအထိ ထပ်တူကျနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျွန်တော်တို့နဲ့ အမြဲတမ်းတော့ အတူတူရှိနေမှာ မဟုတ်ပါဘူး။
လေ့လာချက်တွေအရ အခု တွေ့ရှိလာတဲ့ ကွာစီမွန်း 2025 PN7 ဟာ အခုလို ကမ္ဘာနဲ့ မလှမ်းမကမ်း အကွာအဝေးတစ်ခုကနေ နေကို ပတ်နေတာ နှစ်ပေါင်း ၆၀ လောက် ရှိနေပြီဖြစ်ပြီး၊ နောက်ထပ် ၂၀၈၃ ခုနှစ် အထိ (နှစ်ပေါင်း ၆၀ ခန့်) ကျွန်တော်တို့ ကမ္ဘာနဲ့ အကွာအဝေးတစ်ခုကနေ နေကို ဆက်လက် လှည့်ပတ်နေဦးမယ်လို့ သိရပါတယ်။
ဒီလိုမျိုး Quasi-moon တွေကို တွေ့ရှိလာတာ အခုမှ မဟုတ်ပါဘူး။ လက်ရှိမှာ ကမ္ဘာ့အနီးအနားမှာ Quasi-moon နောက်ထပ် ၆ လုံးခန့် ရှိနေပြီး သူတို့ကလည်း အကွာအဝေးတစ်ခုကနေ နေကို လှည့်ပတ်နေကြပါတယ်။
သူတို့ရဲ့ အရွယ်အစားက အလွန်သေးငယ်ပါတယ်။ အကြီးဆုံး Quasi-moon ဟာ ၆ ထပ်တိုက်တစ်ခုစာလောက် ပဲ ရှိပါတယ်။ သေးလည်းသေး၊ အရောင်လည်း မှိန်နေတာမို့ အခုလို နည်းပညာ တိုးတက်လာတဲ့အချိန်ကျမှ သူတို့ရှိမှန်းကို သိလာရတာပါ။
ဒီလို သေးငယ်ပေမယ့်လည်း၊ ဒါကို ရှာတွေ့နိုင်ခဲ့တာဟာ ပညာရှင်တွေရဲ့ ဆန်းသစ်တဲ့ ကိရိယာတွေနဲ့ နည်းပညာ အကူအညီကြောင့်ပဲ ဖြစ်ပါတယ်။
ဒီ ကွာစီမွန်း အသစ်ကိုတော့ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ နာဆာမိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ PANStarrs လေ့လာရေးမျှော်စင်ကနေဩဂုတ်လ ၂၉ရက်နေ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

image