ကြံခင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး မန္တ​လေးတိုင်းထဲ ခရီးသွားရင်း လက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားပြီး​နောက် အဆက်အသွယ်ပြတ်

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် ဦးတင်လှဟာ အောက်တိုဘာ ၁၉ ရက်က မန္တလေးတိုင်း မြင်းခြံမြို့ကနေ ​နေရပ်ကို ခရီးသည်တင် မော်တော်ယာဉ်နဲ့ ပြန်အလာ ကျောက်ပန်းတောင်းမြို့နယ် ဆိတ္တိန်းကျေးရွာအနီး အရောက်မှာလက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားတာလို့ ​ဆွေမျိုးနီးစပ်သူဆီက သိရပါတယ်။

''အလုပ်ကိစ္စနဲ့ ခရီးသွားရင်းအဖမ်းခံရတာလို့ သိရပါ တယ်။ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးနေတဲ့ လက်နက်ကိုင်အဖွဲ့က အုပ်ချုပ်ရေးမှူး ဦးတင်လှကိုဖမ်းဆီးခေါ် ဆောင်သွားတာ ဒီနေ့အထိအဆက်သွယ် ပြတ်နေတယ်။''လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

အဲ့ဒီ ကျေးရွာအုပ်ချုပ်ရေးမှူး လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်း စစ်ဆေးရှာဖွေနေတယ်လို့သိရပါတယ်။

''ဖြစ်စဉ်ကို အသေးစိတ်ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ လက်နက်ကိုင်အဖွဲ့က ၆ ယောက်လောက်က ယာဉ်တွေကိုတားစီးစစ်ဆေးနေပြီးဖမ်းသွားတာလို့သိရပါတယ်။''လို့ လုံခြုံရေးအဖွဲ့တွေနဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
ဖမ်းဆီးခေါ်ခံရတဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အသီးသီးဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အခုရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ မကြာခဏ ဖမ်းဆီးခေါ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်ကလည်း မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ အကျဉ်ဦးစီးအရာရှိအရာရှိရဲ့မိသားစုဝင် ၂ ယောက်နဲ့ယာဉ်မောင်းကိုလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး သွားပါ​သေးတယ်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ် လမ်းဦးစီးဌာနက ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် ဝန်ထမ်း ၂ ယောက်ကို အောက်တိုဘာလ ၁ ရက်က လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(နေပြည်တော်)၊ စက်မှုအလုပ်ရုံဌာနခွဲကယန္တရားမောင်း ဝန်ထမ်း ဦးသန်းထွန်းအောင်ကိုဆိုသူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကမန္တလေးတိုင်း၊တောင်သာမြို့ နယ်ကနေ ခရီးသည်တင်ယာဉ်နဲ့လိုက်ပါလာစဉ် လက်နက်ကိုင် အဖွဲ့တခုက ဖမ်းခေါ်သွားသေးတယ်လို့ နေပြည်တော်ဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း မကွေးတိုင်း ချောက်မြို့နယ်၊သွေးနက်ကျေးရွာမှာ နေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ် ထွေအုပ်စာရေးကိုနေမျိုးထွဋ်ဆိုသူကို အမည်မသိသေနတ်သမားတွေကနေအိမ်အထိလာဖမ်း ခေါ်ပြီးနောက် ချောက်မြို့နယ်၊သွေးနက်ကျေးရွာနဲ့ ကြီးနီ ကျေးရွာလမ်းဆုံမှာ ပစ်သတ်ခဲ့သေးတာလို့ သိရပါတယ်။

image