ဗီနီရှပ်စ်နှင့် ဘက်ပေးတို့ ဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကို ခုခံကို ခံစစ်ဗျူဟာအပြောင်းအလဲ ၄ မျိုး ပြုလုပ်ထားတဲ့ ဘာစီလိုနာ
=====================

ဘာစီလိုနာနောက်ခံလူပူကူဘာရာဆီက ကိုင်လီယန်ဘက်ပေးရဲ့ ခြိမ်းခြောက်မှုအား တုံ့ပြန်ရန်အတွက် ခံစစ်ဗျူဟာပိုင်း အပြောင်းအလဲ ၄ ခု ပြုလုပ်ထားကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၁၈ နှစ်ရှိ ကူဘာရာဆီဟာ တနင်္ဂနွေနေ့တွင် ဘာနေဗျူးကွင်းမှာ El Clasico ပွဲမှာ အကြီးမားဆုံးစမ်းသပ်မှုအဖြစ် ကိုင်လီယန်ဘက်ပေး၊ ဗီနီရှပ်စ်ဂျူနီယာတို့နှင့် ရင်ဆိုင်ရပါမယ်။

ဘာစီလိုနာဟာ El Clasico ပွဲစဉ်မတိုင်မီ ပီအက်စ်ဂျီကို ၂-၁ ဖြင့်လည်းကောင်း၊ ဆီဗီလာကို ၄-၁ ဖြင့်လည်းကောင်း အရေးနိမ့်ခဲ့ရာမှာ ခံစစ်ပိုင်းအားနည်းချက်ကြောင့် ဂိုးများပေးခဲ့ရပါတယ်။

ပီအက်စ်ဂျီနှင့် ဆီဗီလာတို့ဟာ ဘာစီလိုနာရဲ့ High Defensive Line ထောက်ချောက်ကို ကျော်ဖြတ်ကာ ဂိုးသွင်းခဲ့ကြပါတယ်။ တဖက်တွင် ဘာစီလိုနာဟာ ရောဘတ်လီဝန်ဒေါ့စကီး၊ မအင်ဒရီယက်စ်ခရစ်တင်ဆင်၊ ဂါဗီ၊ ဂျိုအန်ဂါစီယာတို့ ဒဏ်ရာရရှိထားမှုနှင့်အတူ ဒဏ်ရာပြဿနာကြုံနေရပါတယ်။

ဒါပေမယ့် ကူဘာရာဆီက ဘာစီလိုနာမှာ ဘက်ပေးကို တိတ်ဆိတ်အောင် လုပ်ဖို့ နည်းဗျူဟာ အပြောင်းအလဲ ၄ ခု လုပ်ထားကြောင်း ဆိုလာပါတယ်။

တဖက်မှာ ရီးရဲလ်မက်ဒရစ်ကလည်း ဒေးဗစ်အလာဘာ၊ အန်တိုနီယိုရူဒီဂါ၊ ဒါနီကာဗာဂျယ်တို့ ဒဏ်ရာရရှိထားပေမယ့်လည်း လာလီဂါတွင် ၁၀ ဂိုးအထိ သွင်းထားတဲ့ ကိုင်လီယန်ဘက်ပေး၊ ပွဲကို ချက်ချင်း အပြောင်းအလဲ ပြုလုပ်နိုင်စွမ်းရှိတဲ့ ဗီနီရှပ်စ်ဂျူနီယာတို့ ဦးဆောင်တဲ့ တိုက်စစ်ကြောင့် လာလီဂါကို ဦးဆောင်ထားနိုင်ပါတယ်။

ကူဘာရာဆီက "ဘက်ပေး ဘယ်လို ကစားသမားလဲဆိုတာ လူတိုင်း သိတယ်။ သူနဲ့ မက်ဒရစ်ရဲ့ ကမ္ဘာ့အဆင့်ကစားသမားအားလုံးကို ကျွန်တော်တို့ မျက်စိဒေါက်ထောက်ကြည့်နေရမယ်။ ကျွန်တော် ဗျူဟာအပြောင်းအလဲ ၄ ခုလုပ်ထားတယ်။ ဒါတွေက ကျွန်တော်တို့ ကောင်းဖို့ ဖြစ်လာမှာပါ။ သူ့ကို အတတ်နိုင်ဆုံး အကောင်းဆုံးတားဆီးရမယ်။ ဒါပေမယ့် အထူးသဖြင့် ကိုယ့်ကိုယ်ကို အာရုံစိုက်ရမယ်။ ကျွန်တော်တို့ ဖီလိုဆိုဖီအတိုင်း ဆက်လက်ချီတက်ရမယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း‌ ကောင်းကောင်း အလုပ်ဖြစ်ခဲ့တယ်။ အခု အသင်းတွေက ပိုပြီး ကောင်းလာနေတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ပိုကောင်းလာစေဖို့ ဗျူဟာအပြောင်းအလဲတချို့ လုပ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါ၊ ကိုပါဒယ်ရေးနှင့် စပိန်စူပါဖလားပြိုင်ပွဲတို့တွင် ရီးရဲလ်မက်ဒရစ်နှင့် ၄ ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရာမှာ ၄ ကြိမ်လုံး အနိုင်ရရှိခဲ့ပြီး ပြည်တွင်းဆုဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image