အိမ်ကွင်းတွင် ပီအက်စ်ဂျီကို ၇-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် ဒမ်ဘီလီနှင့် အင်္ကျီလဲလှယ်ခဲ့မှုအတွက် ပရိသတ်များကို လေဗာကူဆင်စတားတောင်းပန်လာ
======================

လေဗာကူဆင်ရဲ့အဲလက်စ်ဂါစီယာက အိမ်ကွင်းတွင် ပီအက်စ်ဂျီကို ၇-၂ ဂိုးဖြင့် ချန်ပီယံလိဂ်ရှုံးပွဲ ကြုံတွေ့ရမှုအတွက် ပရိသတ်များကို တောင်းပန်လာပြီး ပွဲအပြီးတွင် ၂၀၂၅ ခုနှစ် Ballon d'Or ဆုရှင် အူစမာနီဒမ်ဘီလီနှင့် အင်္ကျီလဲလှယ်ခဲ့မိမှုအတွက် ကိုယ့်ကိုယ်ကို ဒေါသထွက်ရကြောင်း ပြောကြားလာပါတယ်။

လေဗာကူဆင်ဟာ နည်းပြဟူမန်းလက်ထာက်တွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့လာခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ၃ ပွဲကစားပြီးချိန်တွင် အသင်း ၃၆ သင်းပါ အမှတ်ပေးဇယားတွင် အဆင့် ၃၀ နေရာမှာ ရပ်တည်နေရပါတယ်။

ဂါစီယာက "နာကျင်ရတယ်။ ပရိသတ်တွေကို တောင်းပန်လိုတယ်။ သူတို့ အရမ်းကောင်းခဲ့ကြတယ်။ ခက်ခဲတဲ့ ညတစ်ည ဖြစ်လာမှာပါ။ ရလဒ်က ဆိုးရွားလှတယ်။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုသေးတယ်။ ကျွန်တော်တို့မှာ အလားအလာတွေလည်း အများကြီး ရှိတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ဂါစီယာက ၎င်းမှာ ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ပြီးချိန်တွင် ဒမ်ဘီလီနှင့် အင်္ကျီလဲလှယ်မှု မပြုလုပ်သင့်ခဲ့ကြောင်းလည်း ဝန်ခံသွားပါတယ်။

ဂါစီယာက "ကိုယ့်ကိုယ်ကို ဒေါသထွက်မိနေတုန်းပဲ။ ၇ ဂိုးတောင် ပေးပြီးရချိန်မှာ ကျွန်တော့်ဘက်က ဘာမှ မတောင်းဆိုမိခဲ့သင့်ပါဘူး"လို့ ပြောကြားသွားပါတယ်။

မနေ့ညကပွဲတွင် ပီအက်စ်ဂျီဟာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ဂိုးပေါက်ကန်ချက် ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

image