8 ပတ် - ဘာသာပြန်ပါ။

အာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ ကွာလာလမ်ပူရောက်ရှိ

အောက်တိုဘာ ၂၄

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်ခင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ကိုယ်စာလှယ်အဖွဲ့ဟာ ကွာလာလမ်ပူလေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိနေပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကွာလာလမ်ပူလေဆိပ်ကို မနက် ၁၁ နာရီ ၃၅ မိနစ်မှာ ရောက်ရှိခဲ့တာလို့ မလေးရှားအခြေစိုက် Bernama သတင်းဌာနက ဆိုပါတယ်။ ဒါအပြင် အရှေ့တီမော နိုင်ငံခြားရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီး ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့လည်း ဒီကနေ့မနက်ပိုင်းမှာ ကွာလာလမ်ပူကို ရောက်ရှိနေကြပါတယ်။

မလေးရှားဟာ ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်ပြီး အားလုံးပါဝင်မှုနဲ့ ရေရှည်တည်တံ့မှုဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ယခုနှစ်အာဆီယံထိပ်သီးအစည်အဝေးနဲ့ ဆက်စပ်အစည်းအဝေးကိုတွေ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်ထိ လက်ခံကျင်းပမှာဖြစ်ပါတယ်။

အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်ဝန်ကြီးချုပ် လီချန်း၊ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား၊ တောင်အာဖရိကသမ္မတ ရာမာဖိုဆာ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။

ဒါပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ ထိပ်သီးဆွေးနွေးပွဲမတက်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က အတည်ပြုပြောကြာပါတယ်။ ဒါအပြင် မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ခိုင်ခိုင်မာမာ ကိုင်ဆွဲထားတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြောင်း မလေးရှားအခြေစိုက် Bernama သတင်းဌာနက ဆိုပါတယ်။
ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ မြန်မာခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ကန့်သတ်ထားပြီး ကိုယ်စားလှယ်သာ စေလွှတ်ခွင့် ပေးထားပါတယ်။

image