ကျေးဇူးပြုဖူးသူကို ဘယ်သောအခါမှ မစော်ကားပါနဲ့
---------------------------------------------------
တခါတုန်းက တောနက်ကြီးတစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါသတဲ့။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်းတွေနဲ့ မတူပဲ စိတ်ကောင်းရှိပါတယ်။
တစ်နေ့တော့ ကျီးကန်းလေးဟာ အစာရှာထွက်လာရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေးကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့ပါတော့တယ်။ မြေခွေးဟာ အစာ မစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။
ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်... “အဆွေ မြေခွေး သင့်ကို မြင်ရတာ စိတ်မကောင်းဘူး။ သင် မကျန်းမမာဖြစ်နေတာလား....”
“ဟုတ်ပါတယ် ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”လို့ မြေခွေးက ပြောတယ်။
“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”...ဆိုပြီး ကျီးကန်းလေးက အစာသွားရှာတယ်။ ကျီးကန်းက သဲသောင်ပြင်ပေါ်မှာ ငါးလေးတစ်ကောင် ေ,သနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။
“အဆွေ မြေခွေး စားကောင်းရဲ့လား....”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေးတဲ့ ငါးက အဆာတောင် မပြေပါဘူး” လို့ မြေခွေးက ပြောတော့....
ကျီးကန်းလေးက အစာကို နောက်တစ်ခါ ထပ်သွားရှာတာပေါ့။ ဒီလိုနဲ့ အစာလိုက်ရှာရင်း ေ,သနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးပါတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အေ,သကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။
ကျီးကန်းလေးက နေ့တိုင်း ဆိုသလို မြေခွေးကို အစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အစာတွေကို စားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာပါတယ်။
“နေ့တိုင်း အေ,သကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး......
“မိတ်ဆွေကျီး... မနေ့က သင် ရှာကျွေးတဲ့ ငါးကို စားပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”လို့ မာယာဆင်ပြီးပြောလေတယ်ါ
ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာ ပါးစပ်ကို ဟခိုင်းတယ်။ လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့ အကြံအစည်ကို ရိပ်စားမိသွားတယ်။
အဲ့ဒီအချိန်မှာ အကြံသမား မြေခွေးက ကျီးကန်းလေးရဲ့ လည်ပင်းကို လှမ်းကို,က်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲ ရှောင်ပြီး ထပျံ လိုက်တယ်။
“ဟဲ့ မြေခွေး.... သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ပဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”လို့ ကျီးကန်းလေးက ပြောပြီး ပျံသွားပါတော့တယ်။
ဒီလိုနဲ့ ကျီးကန်းလေးဟာ ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်း သိလိုက်တယ်။
ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည်မိလို့ လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။
တစ်နေ့တော့ ကျီးကန်းလေးက အစာရှာရင်း တောထဲမှာ ဓာ:းတွေ၊ လှံတွေနဲ့ လူအုပ်စုကို တွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွားတော့တယ်။
“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေးနေတာပဲ။ ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”လို့ လူအုပ်စုက ပြောလေတယ်။
ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသားလေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေးတို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။
မင်းသားလေးက ကျီးကန်းလေးကို သူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစားအစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။
ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ ေ,သသွားရှာပါတော့တယ်။
ဒီပုံပြင်လေးက ကျေးဇူးမသိတတ်သူနဲ့ ကျေးဇူးတရားကို နားလည်ပြီး ပြန်ပြီး ကျေးဇူးဆပ်တတ်ပုံကို ဖော်ညွှန်းထားသည့် ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။
ရွှေသွေးဂျာနယ်
with respect - credit - KaungHtet