8 ပတ် - ဘာသာပြန်ပါ။

မျိုးသုဉ်းရန် အန္တာရာယ်ကျရောက်နိုင်သော ကြိုးကြာခေါင်းနီ ငှက်သိုက်၆၀ကျော် တွေ့ရပြီ”
မြန်မာနိုင်ငံက သဘာဝရေဝပ်ဒေသတွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ ကြိုးကြာခေါင်းနီငှက်တွေရဲ့ အသိုက် ၆၀ကျော်ကို ကြိုးကြာငှက်‌လေ့လာထိန်းသိမ်း‌ရေးအဖွဲ့ (Myanmar Crane Conservation Group) ဟာ ၂၀၂၅ခုနှစ် သားပေါက်ရာသီကာလမှာ တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။
ကြိုးကြာခေါင်းနီငှက်ဟာ IUCN Red List အရ (ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တာရာယ်ရှိ မျိုးစိတ်စာရင်းဝင်) ငှက်မျိုးစိတ် ဖြစ်ပါတယ်။ သတ်မှတ်ချက်အရ ကြိုးကြာခေါင်းနီငှက်တွေဟာ (Vulnerable) အဆင့် မျိုးသုန်းရန် အချိန်မရွေး ကျရောက်သွားနိုင်သော မျိုးစိတ်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နေထိန်းသိမ်းရမယ့် မျိုးစိတ်ဖြစ်တယ်လို့ ကြိုးကြာငှက်‌ လေ့လာထိန်းသိမ်း‌ရေးအဖွဲ့ ခေါင်းဆောင် က “ကောင်းသော” မီဒီယာကို ပြောပါတယ်။
“ကြိုးကြာခေါင်းနီငှက်တွေဟာ ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ ကြိုးကြာခေါင်းနီတွေ နေထိုင်ကျက်စားတဲ့ ရေချိုရေဝပ်ဒေသတွေမှာ သူတို့နှင့်အတူအခြားငှက်မျိုးစိတ်တွေရှိသလို ဇီဝမျိုးစုံမျိုးကွဲတွေလည်း ရှိပါတယ်။ ကြိုးကြာခေါင်းနီတွေဟာ အဓိကအားဖြင့် မြင်သာထင်သာရှိတဲ့ ငှက်မျိုးစိတ်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ရဲ့ အခြေအနေကို ညွှန်ပြနိုင်တဲ့ မျိုးစိတ်တွေဖြစ်တယ်။ အခြားအထောက်အကူ ဖြစ်စေတဲ့ အချက်တွေလဲရှိတယ်” လို့ သူက ပြောပါတယ်။
ကြိုးကြာငှက်ထိန်းသိမ်း‌ရေးအဖွဲ့ဟာ ၂၀၁၅ခုနှစ်ကစတင်ပြီး ကြိုးကြာငှက်လေ့လာ ထိန်းသိမ်းရေးကို ဒေသခံတွေနဲ့အတူ လုပ်ဆောင်နေခဲ့တာပါ။ ဧရာတီတိုင်းဒေသကြီးထဲက မြို့နယ်၁၀ ခု ခန့်မှာ ကြိုးကြာခေါင်းနီငှက် အများဆုံး နေထိုင်ကျက်စားကြတဲ့ မှတ်တမ်းရှိပါတယ်။ ဒီနှစ် ကြိုးကြာခေါင်းနီ သားပေါက်ရာသီမှာတော့ အဖွဲ့က ကွင်းဆင်းလေ့လာခဲ့တဲ့ မြို့နယ်၆ခုမှာ အသိုက်၆၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
“သားပေါက်ရာသီကာလကတော့ ၄လပတ်ဝန်းကျင်ပေါ့။ အဖွဲ့က သားပေါက်ရာသီကာလအတွင်း တစ်လကို ၁၅ရက်လောက် ကွင်းဆင်းလေ့လာပါတယ်။ အသိုက်တွေ့ရှိမူကတော့ နှစ်စဉ်အရ လက်ရှိနှစ်မှာ များပါတယ်” လို့ သူက ပြောပါတယ်။
ကြိုးကြာခေါင်းနီငှက်တွေဟာ စပါးကွင်း၊ ကြာတော စတဲ့ သဘာဝရေဝပ်ဧရိယာ နဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ရေဝပ်‌ဧရိယာတွေမှာ နေထိုင်ကျက်စားကြပြီး သားပေါက်လေ့ ရှိကြပါတယ်။ ကြိုးကြာခေါင်းနီငှက်တွေဟာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင် အနေအထားကောင်းမွန်ပြီး အစာရေစာပေါများပြီးသန့်ရှင်းမှသာ နေထိုင်နိုင်တဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။
“အကောင်ရေပေါပေါများ တွေ့ရသေးတယ် ဆိုရင်တော့ သူတို့နေထိုင်ကျက်စားမူမှာ အန္တာရာယ်နည်းသေးတယ်လို့ ယူဆလို့ရပါတယ်။ အကောင်အ‌ရေအတွက်လဲ ကျလာမယ်၊ ကြိုးကြာခေါင်းနီနဲ့အတူကျက်စားနေထိုင်ကြတဲ့အခြားမျိုးစိတ် အရေအတွက်တွေလဲ နည်းလာပီဆိုရင် သေချာတာက သူတို့နေထိုင်ကျက်စားတဲ့နေရာမှာ တစ်ခုခုဖြစ်နေပြီပေါ့” လို့ ကြိုးကြာငှက်လေ့လာထိန်းသိမ်း‌ရေးအဖွဲ့ ခေါင်းဆောင်က ပြောပြပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ကြိုးကြာခေါင်းနီ အရေအတွက်ဟာ တခြားနေရာတွေထက် ပိုများများ တွေ့ ရတာကတော့ ဒီငှက်တွေဟာ အတိတ်နမိတ်ကောင်းတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ရိုးရာအယူအစွဲကြောင့်လို့လည်း ဆိုကြပါတယ်။ ကြိုးကြာခေါင်းနီ အသိုက်လာဆောက်တဲ့ စပါးခင်း နဲ့ စိုက်ခင်း ဟာ အထွက်နှုန်းကောင်းတယ်လို့ တောင်သူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ကြိုးကြာခေါင်းနီတွေကို ဒုက္ခမပေးသလို ထိန်းသိမ်းရေးအလုပ်တွေမှာလည်း အားတတ်သရော ပူးပေါင်းပါဝင်လေ့ရှိ ကြပါတယ်။
(ပုံစာ- ကြိုးကြာငှက်လေ့လာထိန်းသိမ်း‌ရေးအဖွဲ့ ကွင်းဆင်းလေ့လာရေး ပြုလုပ်နေစဉ် မြင်တွေ့ခဲ့ရတဲ့ ကြိုးကြာခေါင်းနီငှက် (Sarus Crane)။ (ဓာတ်ပုံများကို ကြိုးကြာငှက်လေ့လာထိန်းသိမ်း‌ရေးအဖွဲ့က ကျေးဇူးပြုပါတယ်။)

imageimage