2 ပတ် - ဘာသာပြန်ပါ။

ကျားဖြန့်ဂိုဏ်းက ပြည်ပနိုင်ငံသားအများအပြား ဖမ်းဆီးသူမရှိ ၊ ကယ်သူမရှိဘဲ မြဝတီမှာ သောင်တင်
အောက်တိုဘာ ၂၃၊ ၂၀၂၅
GG (VOM)
ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီးမှာရှိတဲ့ တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့် ( ငွေလိမ်ဂိုဏ်း) AA အလုပ်ဆိုက်ကနေ မြဝတီမြို့ ကို ထွက်ပြေးလာသူတွေ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ အများအပြားရှိနေတယ် လို့ မြို့ခံတွေ ဆီကသိရပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာသူတွေထဲက ခေါင်းဆောင်ပိုင်းတွေကိုတော့ BGF က ကားတွေနဲ့ ခေါ်ဆောင်ကာ ပို့ဆောင်ပေးတာမျိုးရှိ ပြီး ကျန်တဲ့သူတွေကတော့ AA ဆိုက်ကနေ မြဝတီအထိ အဝတ်အစားအထုတ်ကိုယ်စီနဲ့လမ်းလျှောက်လာကြတာရှိသလို ဆိုင်ကယ်ငှားရမ်းပြီးလာရောက်ကြတာမျိုးလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ကျားဖြန့်လုပ်ကိုင်သူတွေဟာ မနေ့က အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းကတည်းက ထွက်ပြေးလာကြတာဖြစ်ကြောင်း ၊ လက်ရှိအထိ ကျားဖြန့်ဂိုဏ်းက ထွက်ပြေးလာ သူတွေကို အစိုးရဘက်က ခေါ်ယူထိန်းသိမ်းပြီး အရင်လို နိုင်ငံချင်းချိတ်ဆက်ပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ဖို့လုပ်ဆောင်တာမရှိတဲ့အတွက် ကျားဖြန့်သမား ထောင်နဲ့ချီပြီး မြဝတီမြို့မှာ ထွက်ပေါက်ပိတ်နေတယ်လို့သိရပါတယ်။
" တယောက်ကို အထုတ်တထုတ်ပါတယ်။မနေ့ကတည်းက လမ်းလျှောက်လာနေကြတာ ဒီနေ့အထိပဲ။ဆိုက်တခုမှာ ခေါင်းဆောင်ပိုင်းကတင် ရာချီရှိတယ်။အဲဒါတွေကိုတော့ BGF ကကားတွေနဲ့ခေါ်ထုတ်တယ်။ လက်အောက်ငယ်သားက ထောင်ချီရှိတယ်။ အဲတာတွေကတော့ လမ်းလျှောက်လာကြတယ်။အခု ချစ်ကြည်ရေးတံတား ၁ နားမှာဝဲလည်ဝဲလည်နဲ့ မြဝတီမှာသောင်တင်နေတယ်။တရားမဝင်တွေဆိုတော့ ထိုင်းဘက်လည်းတရားဝင်ကူးမရဘူး။ကူးရင်အဖမ်းခံရမယ်။ဒီမှာကျလည်း immigration ဘက်ကဘာမှလုပ်တာမတွေ့ရဘူး။တကယ်ဆို camp လုပ်ပြီး အကုန်ထိန်းသိမ်းစိစစ်ပြီး သံတမန်ရေးအရ သူ့နိုင်ငံပြန်ပို့သင့်တယ်ထင်တယ်။မဟုတ်ရင် မြဝတီမှာဒီလောက်လူအများကြီးသောင်တင်နေတာ တခုခုဖြစ်မှာစိုးရိမ်မိတယ်။" လို့မြဝတီ မြို့ခံကပြောပါတယ်။
မြဝတီမြို့ကို ရောက်ရှိလာတဲ့ ကျားဖြန့်ဂိုဏ်းကလူတွေဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်လို့ မြို့ခံဟိုတယ်နဲ့တည်းခိုခန်းတွေမှာ တည်းခိုခွင့်ပြုတာရှိသလို အချို့က တည်းခိုခွင့် မပြုတာမျိုးလည်းရှိကြောင်း ၊ ဒေသခံတွေအနေနဲ့လည်း ကူညီကြတာမျိုး မရှိဘူးလို့ သိရပါတယ်။
AA ကျားဖြန့်အလုပ်ဆိုက်မှာ ဆိုက်ပေါင်း ခြောက်ခုလောက်ရှိပြီး ဆိုက်တခုမှာ အလုပ်သမားတထောင်ကျော်လောက်ရှိကြောင်း ၊ လက်ရှိမှာ ဆိုက်အားလုံးက ကျားဖြန့်လုပ်ကိုင်သူတွေကို ဂိတ်တံခါးဖွင့်ကာ လွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
" KK Park ကို တပ်ကဝင်စီးတော့ AA ဆိုက်ကလည်း သူတို့ကိုဝင်ဖမ်းမှာကြောက်ပြီး အကုန်ဂိတ်ဖွင့်လွှတ်ပေးလိုက်တယ်သိရတယ်။ဒီလောက်လူအများကြီးကို သက်ဆိုင်ရာကမထိန်းသိမ်းရင် အဆင်မပြေဘူး။ သူတို့မြန်မာစကားလည်းမတတ်တော့ ဖုန်းနဲ့ ဘာသာပြန်ပြီးအကူအညီတောင်းနေကြတယ်။သူတို့ဝင်လာကြတုန်းကလည်း ထိုင်းထရန်စစ်နဲ့ပဲလာကြတာာဒီတော့ ထိုင်းကိုပဲ ကမ်းကူးသွားပြီး အဖမ်းခံ။ပြီးရင် သက်ဆိုင်ရာနိုင်ငံပြန်ပေါ့ဒါပဲရှိမယ်။အဲလိုမဟုတ်ရင် ဒီဘက်အစိုးရက အရင်လိုထိန်းသိမ်းပြီး ထိုင်းနဲ့ချိတ်ပြန်ပို့ပေါ့။ဒါပဲရှိတယ်။" လို့ မြို့ခံနောက်တယောက်ကပြောပါတယ်။
လက်ရှိမှာ မြဝတီရောက်ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းက ထွက်ပြေးလာသူတွေဟာ ထိုင်းဘက်ကို တရားမဝင်လမ်းကနေ ဝင်ရောက်ဖို့ ကမ်းကူးဂိတ်တွေမှာ စောင့်ဆိုင်းနေကြကြောင်း ၊ ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က တရားမဝင် ဝင်ရောက်လာမှာကိုစိုးရိမ်လို့ လုံခြုံရေးချပြီး ဖမ်းဆီးမှုတွေလုပ်နေတယ်လို့သိရပါတယ်။
အဆိုပါ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာက တရုတ်၊ အိန္ဒိယ ၊ မလေးရှား ၊ စတဲ့ ပြည်ပနိုင်ငံတော်တော်များများက နိုင်ငံခြားသားတွေ လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေလည်း လုပ်ကိုင်မှုရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image