မင်းဆီမှာ ကိုယ့်ကို တကယ်ချစ်ပြီး
ဂရုစိုက်ပေးတတ်တဲ့သူတစ်ယောက်ရှိလာမယ်ဆိုပါစို့
အဲ့ဒါဟာ လူတစ်ယောက်သက်သက်ပဲ မဟုတ်ဘူး
ခံတပ်ကြီးတစ်ခုလုံးရှိနေသလိုပါ
ကမ္ဘာကြီးတစ်ခုလုံးကို လက်ထဲ ဆုပ်ကိုင်ထားရသလို
နေ့ရက်တိုင်းကို မင်းယုံကြည်လာမယ်
ပန်းတွေပွင့်နေတာမြင်ရင် ပျော်တတ်လာမယ်
ငှက်တွေရဲ့ အသံကို ဂရုတစိုက်နားထောင်တတ်လာမယ်
မင်းအခန်းမှာ အချစ်သီချင်းသံတွေညံနေမယ်
အရင်လို မီးအမြဲ ပိတ်မထားတော့ပဲ အခန်းဟာ လင်းကျင်းနေလိမ့်မယ်
Bigg-Y ရဲ့ *လူ့ဘဝဆိုတာတိုတိုလေး မသေခင်မင်းနဲ့ အတူနေချင်သေးတယ်ဆိုတဲ့
ရပ်ပ်စာသားဟာ ပါးစပ်ထဲမှာစွဲနေမယ်
မနက်ခင်းတွေမှာ ကြည်လင်စွာနိုးထလာတတ်ပြီး
ညတွေဆို အိပ်ပျော်လိမ့်မယ်
ရှေ့မှာ ရှိနေတဲ့ နေ့ရက်လှလှကလေးတွေကို တွေးပြီး
အသက်ရှင်ချင်လာမယ် အသက်ရှည်ချင်လာမယ်
ဆေးလိပ်တွေ အရက်တွေ လျှော့သောက်ဖြစ်မယ်
အနာဂါတ်ပလန်တွေရှိလာမယ်
ခရီးသွားဖို့စိတ်ကူးတွေ
Road trip တွေ
သူအတွက် ဖြည့်ဆည်းပေးချင်တာလေးတွေအတွက် ငွေစုတတ်လာမယ်
ရယ်ရွှင်ကြည်နူးစရာစကားတွေပြောကြရင်း
တစ်နေ့တာရဲ့အချိန်ဇယားထဲ အချစ်ကို ထည့်တွေးလာတတ်မယ်
ဒါတွေက ပျော်ရွှင်မှုထက်ကို ပိုတဲ့ အရာတွေကွာ
အပျော်သက်သက်ပဲ မဟုတ်ဘူး

ဒီလိုနဲ့
တစ်နေ့မှာ သူထွက်ခွာသွားမယ်
ဝုန်းခနဲ မင်းဘဝဟာ အရာတွေ အများကြီးလစ်ဟာသွားမှာ
မင်းရဲ့ နေ့ရက်တွေဟာ ဟာကွက်တွေ အများကြီးနဲ့
အချိန်ပိုတွေအများကြီးရှိလာလိမ့်မယ်
အဲ့ဒီအချိန်ပိုတွေမှာလည်း ဘာကိုမှ အာရုံမစူးစိုက်နိုင်ပဲ
ငိုင်နေရုံပဲ မင်းတတ်နိုင်တော့မှာ
အရင်ကမင်းဘယ်လောက်ပဲ မာကြောနေခဲ့ပါစေ
အရင်က မင်းဘယ်လိုပဲ တစ်ယောက်ထဲနေနေခဲ့ပါစေ
ဒီကွက်လပ်တွေကို မင်းဘယ်လိုမှ ပြန်မဖြည့်နိုင်တော့ဘူး
သီချင်းတွေဟာ ဓားသွားတွေဖြစ်လာမယ်
စီးကရက်တွေဟာ အဖော်ဖြစ်လာမယ်
အရက် ကူမှ ညတွေ အိပ်ပျော်တော့မယ်
ဒါတွေဟာ သိသိသာသာ ပျက်ဆီးတာမျိုးတွေမဟုတ်ဘူး
အတွင်းမှာ လှိုက်လောင်နေတဲ့ မီးစကလေးပဲ
တချို့လည်း ပြန် ကုစားနိုင်ခဲ့ကြတယ်
တချို့လည်း လွတ်မြောက်သွားကြတယ်
တချို့ကတော့ အဆုံးထိလောင်ကျွမ်းပျက်ဆီးသွားတာပေါ့

အသည်းကွဲလို့ ဘဝပျက်သွားတယ်ဆိုတာ အဲ့ဒါပဲ ကိုယ့်လူ
မြင်သာထင်သာတော့ မရှိဘူးပေါ့ဗျာ

- Moriarty