မုံရွာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို (၄)ရက်ကြာကျင်းပမည်
မုံရွာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ (၁)ရက်မှ (၄)ရက်အထိ စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းမဟာဘုံကထိန်အလှူတော်ပဒေသာပင်များကိုတန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် (စနေနေ့) မွန်းလွဲပိုင်းတွင် မုံရွာမြို့တွင်းသို့ လှည့်လည်ပူဇော်မည် ဖြစ်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ချင်းတွင်းခန်းမတွင် တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ နိုဝင်ဘာလ (၂) ရက်နေ့ ၊ နံနက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ (၄) ရက် နံနက်ပိုင်းတွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင်လှူပွဲနှင့် သံဃာအပါး (၁,၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မုံရွာမြို့၊ ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော်တွင် ကျင်းပမည်ဖြစ်သည်။
ထိုနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင်၌ စတုဒီသာမဏ္ဍပ်များဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ပြီး ညပိုင်းတွင် မီးပုံးပျံအသေး (၂,၀၀၀)လုံး၊ မီးပုံးပျံအကြီး (၅၀၀)လုံးတို့နှင့်အတူ မီးရှူးမီပန်းများ လွှတ်တင်ကြမည်ဖြစ်သည်။
မုံရွာတန်ဆောင်တိုင်ပွဲတော်တွင် နာမည်ကျော် တေးသံရှင်များ၏ စင်မြင့်ဖျော်ဖြေရေးကို တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်တွင် စတုဒီသာစားစရာများ၊ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ကြောင်း သိရသည်။
