1 ပတ် - ဘာသာပြန်ပါ။

အီဆက်ခ်နှင့် ဖရမ်းပေါင်တို့ ဒဏ်ရာရရှိလာမှုနှင့်အတူ ပြဿနာပိုကြီးလာတဲ့ လီဗာပူး
=====================

လီဗာပူးနည်းပြအန်းဆလော့ဟာ ဖရန့်ဖတ်အား ၅-၁ ဂိုးဖြင့် အနိုင်ရကာ ၄ ပွဲဆက် အရှုံးကို ရပ်တန့်လိုက်နိုင်ပေမယ့်လည်း အဓိကကစားသမားများဖြစ်ကြတဲ့ အလက်ဇန္ဒားအီဆက်ခ်နှင့် ဂျီရီမီဖရမ်းပေါင်တို့ ဒဏ်ရာရရှိသွားမှုနှင့်အတူ စိတ်ပျက်စရာညတစ်ညလည်း ကြုံခဲ့ရပါတယ်။

လီဗာပူးရဲ့ အလက်ဇန္ဒားအီဆက်ခ်နှင့် ဂျီရီမီဖရမ်းပေါင်တို့ဟာ ပထမပိုင်းတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖရမ်းပေါင်မှာ ပွဲချိန် ၁၉ မိနစ်တွင်ပင် တံကောက်ကြောဒဏ်ရာကြောင့် ကော်နာဘရက်ဒလေနှင့် လူစားလဲခဲ့ရတာ ဖြစ်ပြီး အလက်ဇန္ဒားအီဆက်ခ်မှာလည်း ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းအပြီးတွင် ဖီဒီရီကိုချီယေးဆာနှင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးဟာ မနေ့ညက ပွဲတွင် ဟူဂိုအီကီတီကီ၊ ဗာဂယ်ဗန်ဒိုက်၊ အီဘရာဟမ်ကိုနာတေး၊ ကိုဒီဂတ်ပို၊ ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဖရန့်ဖတ်အား ၅-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ လေးပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် နိုင်ပွဲပြန်လည် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာ လီဗာပူးဟာ အလက်ဇန္ဒားအီဆက်ခ်နှင့် ဖရမ်းပေါင်တို့ ဒဏ်ရာရရှိလာမှုနှင့်အတူ ဒဏ်ရာပြဿနာပိုမိုကြုံတွေ့လာပါတယ်။

လီဗာပူးဟာ အဓိကဂိုးသမားအလစ်ဆင်ကို တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလအစောပိုင်းအထိ ဆုံးရှုံးထားရပြီး ရိုင်ယန်ဂရာဗန်ဘစ်ရှ်မှာလည်း ယူနိုက်တက်နှင့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိကာ ဆုံးရှုံးထားရပါတယ်။

ဆလော့က "ကံဆိုးစွာဘဲ အီဆက်ခ် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် ပထမပိုင်းမှာ ပေါင်ခြံက အနည်းငယ်နာကျင်နေလို့ ပထမပိုင်းမှာဘဲ လူစားလဲလိုက်ရတယ်။ ဒီတော့ ဂရုဏာသက်စရာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ သုံးလကြာ ပွဲကစားလာတဲ့ ကစားသမားတစ်ယောက်ကို ဟန်ချက်ညီအောင် လုပ်ရတာ ခက်တယ်။ တဖြည်းဖြည်းချင်း သူ့ကို ယူဆောင်ရမယ်။ လူတွေက သူ့ကို ဘာလို့ အများကြီး မသုံးလဲလို့ မေးခွန်းထုတ်ကြတယ်။ အခု ကျွန်တော်တို့ သုံးရက်မှာ ဒုတိယအကြိမ်မြောက် သူ့ကို ကစားစေခဲ့ရတယ်။ ကံဆိုးစွာဘဲ လူစားလဲရတယ်။ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်တယ်။ အကြာကြီး နားလာရတဲ့ ကစားသမားကို ဟန်ချက်ညီအောင် လုပ်ရတာ ခက်တယ်"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဘရန့်ဖို့ဒ်အား ပရီးမီးယားလိဂ်အဝေးကွင်း သွားရောက် ကစားရမှာ ဖြစ်ပြီး ယင်းပွဲအပြီးတွင် ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကစားရပါမယ်။ နိုဝင်ဘာလမှာတော့ လီဗာပူးဟာ ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲ၊ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲနှင့် မန်စီးတီးနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲတို့ ကစားရပါမယ်။

image
image
image