◾️ပြစ်မှုထူပြောမှုကို ကိုင်တွယ်ရန် ပီရူးမြို့တော်တွင် ရက် ၃၀ အရေးပေါ်အခြေအနေကြေညာ
မြို့တော်လီမာနှင့်အိမ်နီးချင်း ကာလာအို ပြည်နယ်တို့တွင် ရက်ပေါင်း ၃၀ အရေးပေါ်အခြေအနေကို ပီရူးသမ္မတ ဟိုဆေးဂျယ်ရီက ကြေညာလိုက်ပြီး ပြစ်မှုထူပြောလာခြင်းကို တိုက်ဖျက်ရန် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်က လူတစ်ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သော ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝန်ကြီးများကောင်စီကအတည်ပြုခဲ့ပြီး သန်းခေါင်ယံတွင် စတင်အသက်ဝင်လာခဲ့သော အစီအစဉ်သည် ပြည်သူ လူထုကြားတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန် ရဲ တပ်ဖွဲ့နှင့်အတူ စစ်တပ်ကို ချထားရန်ပါ ခွင့်ပြုထားကြောင်း သမ္မတ ဂျယ်ရီ က ပြောကြားသော်လည်း အခြားအသေးစိတ်အချက်များကို မပြောပေ။
“ ပြစ်မှုတွေကို တိုက်ဖျက်ဖို့ရာ ကျွန်တော်တို့က ခံစစ်ကနေ ထိုးစစ်ကို သွားနေပါတယ်။ ဒီလိုတိုက်ဖျက်မှသာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်မှုနဲ့ ပီရူးနိုင်ငံသား သန်းပေါင်းများစွာရဲ့ ယုံ ကြည်မှုကို ပြန်လည်ရရှိမှာပါ။” ဟု ပီရူးသမ္မတ က ရုပ်သံမှတစ်ဆင့်ပြောသည့် မိန့်ခွန်းတွင် ပြောကြားသည်။
သမ္မတဟောင်း ဘိုလာတီ ပြုတ်ကျခဲ့ပြီးနောက် ဂျယ်ရီသည် ယခုလအစောပိုင်း တွင်သမ္မတသစ် ဖြစ်လာခဲ့သူဖြစ်သည်။
ပြစ်မှုတိုက်ဖျက်ရေးအား ဦးစားပေးသွားမည်ဟု ကြွေး ကြော်ပြီး ဂျယ်ရီ က ပြီးခဲ့သည့်သီတင်းပတ်အတွင်း အစိုး ရအဖွဲ့သစ်ကို ကြေညာခဲ့သည်။
ပြစ်မှုထူပြောမှုကို တိုက်ဖျက်ရေးတောင်းဆိုကြသည့် မျိုး ဆက်သစ် ဂျန်ဇီး (Generation Z )နှင့် အရပ်ဘက်အဖွဲ့အ စည်းများ၏ စည်းရုံးမှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများမှာ သမ္မတသစ် ရင်ဆိုင်ရသော ပထမဆုံး ဆန္ဒပြပွဲများလည်း ဖြစ်သည်။
ပီရူးနိုင်ငံတွင် လုံခြုံရေးစိုးရိမ်မှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး မဟုတ်ပေ။
သမ္မတ ဘိုလာတီ လက်ထက် မတ်လတွင်လည်း အ လားတူ ရက်ပေါင်း ၃၀ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
သို့သော် အရေးပေါ် အခြေအနေများ ထပ်တလဲလဲ ကြေ ညာ ခြင်းက ပြစ်မှုလျော့ကျလာစေရေးအပေါ် များစွာ သက် ရောက်မှု မရှိ ကြောင်း လေ့လာဆန်းစစ်သူများနှင့် လုံ ခြုံရေးကျွမ်းကျင်သူများက ပြောကြားကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း