အမြဲတမ်းသဘောကောင်းတယ်ဆိုတာ
စိတ်ဓာတ် မသန်မာလို့ပါ။
လူဆိုတာ သဘောကောင်းရမယ်။
ဒါပေမယ့် အမြဲတမ်းသဘောကောင်းနေရင် ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိစေဘူး။ သဘောကောင်းလွန်းရင် အနိုင်ကျင့်ခံရတတ်တယ်၊ ကိုယ့်ရဲ့သဘောကောင်းတဲ့စိတ်ကို အသုံးချခံရတတ်တယ်။ များသောအားဖြင့် သဘောကောင်းလွန်းတဲ့လူကို လူတွေက ပျော့ညံ့တယ်လို့ ထင်တတ်ကြတယ်၊ တကယ်တော့ သဘောကောင်းတယ်ဆိုတာ အမြဲတမ်း ( Positive Thinking) အကောင်းဘက်က တွေးတာ ၊ ဆက်ဆံရေးတွေကို တန်ဖိုးထားတာမျိုးပါ။
စိတ်ထားကောင်းတယ်ဆိုတာကတော့ (Good Attitude) ကိုယ့်စိတ်ရဲ့ အဆင့်အတန်းပါ။ သူတစ်ပါးကို ထိခိုက်အောင် မတွေးတာ ၊ မလုပ်တာ ၊ ယုတ်မာကောက်ကျစ်တဲ့စိတ်မရှိတာ ၊ မတရားပြောဆိုလုပ်ကိုင်တာမျိုးမရှိတာ ၊ အပုပ်ချတာမျိုး မရှိတာ ၊ သနားကြင်နာတတ်တာ၊ ကူညီဖေးမ တတ်တာ ဒီလိုမျိုးကို ဆိုလိုတာပါ။
ဒီနှစ်ခုရဲ့ ကွာခြားချက်ကို တိတိကျကျ သိထားရမယ်။ ဒါမှ ကိုယ်က သဘောကောင်းလွန်းနေတာလား ၊ စိတ်ထားကောင်းတာလား ဆိုတာ ကွဲကွဲပြားပြား သိလိမ့်မယ်။ ကွဲကွဲပြားပြားမသိရင် ကိုယ့်ဘဝက သူများအတွက်ပဲ တွေး၊ သူများအတွက်ပဲ အလုပ်လုပ်နေရလိမ့်မယ်။
ဒီတော့ အမြဲတမ်း သဘောကောင်းဖို့ မလိုဘူး။
ကိုယ် မလုပ်နိုင်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ သတ္တိရှိရှိ ငြင်းဆန်နိုင်ရမယ်။ ကိုယ် အဆင်မပြေတဲ့အရာတွေကို အားနာလို့ လိုက်လျောစရာမလိုဘူး။ သဘောကောင်းလွန်းလို့ လိုက်လျောပါများရင် ကိုယ်က တန်ဖိုးကျသွားလိမ့်မယ်။
စိတ်ထားကောင်းလို့ ရတယ်၊ ဒါပေမယ့် သဘောကောင်းလွန်းရင်တော့ ကိုယ်က အမြဲ ခံနေရမယ်ဆိုတာ သိထားပါ။