2 w - Translate

လက်သန့်ဆေးများက ကင်ဆာဖြစ်စေနိုင်
လက်သန့်ဆေးများတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းဖြစ်သော အီသနောသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အန္တရာယ်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ရန် အီးယူက စဉ်းစားလျက်ရှိကြောင်း ဖိုင်နန်ရှယ်တိုင်းမ်စ်(FT) သတင်းဌာနက အောက်တိုဘာ ၂၁ ရက်တွင် သတင်းရေးသားဖော်ပြခဲ့သည်။
ဥရောပဓာတုဗေဒအေဂျင်စီ(ECHA) ၏ လုပ်ငန်းအဖွဲ့များထဲမှ တစ်ခုက အီသနောကို ကင်ဆာဖြစ်စေနိုင်ခြေပိုမြင့်မားစေကာ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာများ ကြုံရနိုင်သည့် အဆိပ်အတောက်ပစ္စည်းတစ်ခုအဖြစ် အောက်တိုဘာ ၁၀ ရက်က အဖွဲ့အစည်းအတွင်အကြံပြုချက်တစ်ခုတွင် ဖော်ပြခဲ့ကြောင်း FT က ပြောဆိုခဲ့ပြီး သန့်ရှင်းရန်အခြားထုတ်ကုန်များ အစားထိုးရန်လိုအပ်ကြောင်း ဆိုခဲ့သည်။
ECHA ၏ Biocidal ပိုးသတ်ဆေး ထုတ်ကုန်ကော်မတီသည် နိုဝင်ဘာလ ၂၅ ရက် နေ့မှ ၂၈ ရက် နေ့အတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းက လက်ရှိတွင် အီသနောကို ပိုးသတ်ဆေးအသုံးပြုမှုအတွက် အကဲဖြတ်လျက်ရှိသည်ဟု ECHA က ရိုက်တာသတင်းဌာနကို အီးမေးလ်သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
အဖွဲ့၏ ပညာရှင်ကော်မတီက အီသနောကို ကင်ဆာဖြစ်နိုင်ခြေရှိ ပစ္စည်းအဖြစ် ကောက်ချက်ချပါက ယင်းအတွက် အစားထိုးပစ္စည်းကို အကြံပြုသွားလိမ့်မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
လက်ရှိတွင် အကဲဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အပြီးသတ်ကောက်ချက်ချရခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ကော်မတီ၏ သိပ္ပံနည်းကျ ထင်မြင်အကြံပြုချက်အတိုင်း ဥရောပကော်မရှင်က အပြီးသတ်ဆုံးဖြတ်ချသွားမည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သည် အီသနောနှင့် အိုင်ဆိုပရိုပါနော နှစ်မျိုးစလုံးကို လက်သန့်ရှင်းရေးအတွက် အသုံးပြုရန် ဘေးအန္တရာယ်ကင်းသော ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။

image