ထိုင်းအစိုးရပိုင် PTTEP က ကမ်းလွန်လုပ်ကွက် M-5 နှင့် M-6 တွင် ဓာတ်ငွေ့တွင်းတူးမည်
အောက်တိုဘာ ၂၂
ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTTEP International က မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေဖြစ်တဲ့ M-5 နဲ့ M-6 မှာ တွင်းတူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၇ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်ပြီး တွင်းတူးဖော်မယ့် ဧရိယာအကျယ်အဝန်းနဲ့ တည်နေရာတွေကနေ ၄ ကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
PTTEP အနေနဲ့ မုတ္တမကမ်းလွန်လုပ်ကွက်တွေဖြစ်တဲ့ M-5 နဲ့ M-6 မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေကို မြန်မာအစိုးရပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာပါ။
ဒါ့အပြင် PTTEP ဟာ မုတ္တမကမ်းလွန်လုပ်ကွက်ဖြစ်တဲ့ M-9 မှာလည်း ဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း ၁-E အရ အသစ်တည်ဆောက်မယ့် ပလက်ဖောင်း (၄) ခု တပ်ဆင်ခြင်းနဲ့ ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့က PTTEP International Limited ရဲ့ အမှုဆောင်အရာရှိချုပ် Montri Rawanchaikul နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ နေပြည်တော်မှာ တွေ့ခဲ့ကြပြီး ကမ်းလွန်စီမံကိန်းအသစ်တွေ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်တဲ့စာချုပ်တွေ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးမှုအတွင်း MOE နဲ့ PTTEP တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ရတနာနဲ့ ဇောတိကစီမံကိန်းတွေမှာ တွင်းအသစ်တွေ တူးဖော်မယ့်အခြေအနေတွေလည်း ပါဝင်ခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီးက အာမခံချက်ကောင်းမွန်တဲ့ ကမ်းလွန်စီမံကိန်းအသစ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းတွေကို အသိပေးခဲ့ပြီး ဇောတိကစီမံကိန်းမှာ တူးဖော်နေတဲ့ တွင်းအသစ်တွေကနေ သဘာဝဓာတ်ငွေ့တွေကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။



