(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ၃၃ ရက်ကြာ ကျင်းပမည်
၂၂. ၁၀. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် (တနင်္ဂနွေနေ့) နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင် လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့၊ ဖုန်း ၀၉ ၄၂၀၇၀၁၄၅၄၊ ၀၉ ၄၃၀၆၇၁၆၈ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီး ၉ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေး ဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော်အပါး ၁၇၀၊ အာဂုံပြန် စာရင်းသွင်းသံဃာ ၂၆၁ ပါး၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၆၄ ပါး စုစုပေါင်း ၇၁၂ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၄၈ ခုနှစ်) မှ စတင်ကျင်းပလာခဲ့သည့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲသည် ၃၃ ရက်ကြာမြင့်အောင် ဖြေဆိုကြရခြင်းဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲတစ်ခုဖြစ်သည်။
တိပိဋကဓရ ခေါ် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သောစာမေးပွဲကို အောင်မြင်ရန်အတွက် ဝိနည်းနှစ်ကျမ်း (၈၅၁ မျက်နှာ)၊ ဝိနည်းသုံးကျမ်း (၁၄၀၉ မျက်နှာ)၊ သုတ်သုံးကျမ်း (စာမျက်နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မာအရှေ့ပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မာနောက်ပိုင်း (စာအုပ်ရေ ရှစ်အုပ်၊ စာမျက်နှာပေါင်း ၃၅၉၇ မျက်နှာ) စုစုပေါင်း ကျမ်းစာအုပ်ပေါင်း ၂၀၊ စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာတို့ကို အပိုင်းငါးပိုင်းအနက် တစ်ပိုင်းချင်း အလွတ်နှုတ်ငုံဆောင် အာဂုံပြန်ဖြေဆိုကြရခြင်းဖြစ်သည်။ အာဂုံပြန်ဖြေဆိုရာတွင် အထစ်အငေါ့မရှိဖြေဆိုကြရပြီး စာထောက်စာမ ငါးကြိမ်ထက်ပိုပါက ကျရှုံးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ သဘောရေးဖြေ ဖြေဆိုရာတွင်လည်း မူရင်းပါဠိတော်၊ မူရင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၊ အဋ္ဌကထာ၏ အဖွင့်မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိကျမ်းများ၊ မြန်မာဘာသာဖြင့် ဖွင့်ဆိုရေးသားထားသည့် ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများအရ ကောက်ကျမ်းများစသည်ဖြင့် ပိဋကတ်တော်နှင့် ဆက်စပ်သမျှ အနက်အဓိပ္ပာယ်အားလုံး မေးသမျှဖြေဆိုရသည့်အတွက် အောင်မြင်ရန်ခက်ခဲလှသော စာမေးပွဲပင် ဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုကြောင့် စတင်ကျင်းပခဲ့သည့် ၁၃၁၀ ပြည့်နှစ်မှ ယခုအချိန်အထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်ကြီး ၁၇ ပါးမျှသာ ပေါ်ထွန်းနိုင်ခဲ့သည့်အနက် တတိယအကြိမ်မြောက်ကျင်းပသည့် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် မင်းကွန်းဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အရှင်သူမြတ်မှာ ပိဋကတ်သုံးပုံ အာဂုံနှင့် ရေးဖြေနှစ်ရပ်လုံးတွင် ဂုဏ်ထူးဖြင့် အထူးအောင်ခဲ့သည့် လွန်စွာထူးခြားသော ဆရာတော်ကြီးပင်ဖြစ်သည်။ ဆရာတော်ကြီး၏ ဉာဏ်ရည်ထက်မြက်မှု ဂုဏ်သတင်းမှာ ကမ္ဘာသို့ပင် ပျံ့နှံ့ကျော်ကြားခဲ့သည်။