ယိုကီရေးစ်ကြောင့် အာဆင်နယ်မှာ ပိုကောင်းတဲ့အသင်း ဖြစ်လာကြောင်း အာတီတာ ပြောကြားလာ
========================

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ဗစ်တာယိုကီရေးစ်ကြောင့် အာဆင်နယ်မှာ ပိုကောင်းတဲ့အသင်း ဖြစ်လာကြောင်း ပြောကြားလာပါတယ်။

ဗစ်တာယိုကီရေးစ်ဟာ နွေရာသီတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၆၄ သန်းဖြင့် ပြောင်းလာပြီးနောက် အာဆင်နယ်အတွက် ပထမဆုံးကစားတဲ့ ၄ ပွဲတွင် ၃ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ဒါပေမယ့် ဆွီဒင်တိုက်စစ်မှူးဟာ မနေ့ညတုန်းက အက်သလက်တီကိုမက်ဒရစ်အား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာတော့ အာဆင်နယ်အတွက် ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူဟာ ယခုအခါ အာဆင်နယ်အတွက် ၁၂ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းယူထးနိုင်ပြီ ဖြစ်ပါတယ်။

အာတီတာက "ပြီးခဲ့တဲ့အပတ်အချို့မှာ ဂိုးသွင်းနိုင်ခဲ့မှုတွေအပါအဝင် အသင်းအတွက် ယူဆောင်လာတာတွေ၊ အသင်းရဲ့ ဧရိယာအများကြီးမှာ ကူညီပေးနေတာတွေကြောင့် ဒါနဲ့ (ဂိုးတွေ)သူ ထိုက်တန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး။ ကိုယ့်ကိုယ်ယုံကြည်နေမှုကြောင့် ဂိုးတွေ သွင်းနိုင်တာပါ။ ဒီနေ့ သူ လုပ်နိုင်ခဲ့တယ်။ မျက်နှာမှာ ကြီးမားတဲ့အပြုံးရှိနေတယ်။ သူ့ကစားဖော်တွေကိုလည်း ကြည့်လိုက်ပါ။ ဓာတ်ပုံတွေ ဗီဒီယိုတွေမှာ မြင်နိုင်တယ်။ သူ့အတွက် ပျော်နေကြတယ်။ သူဒါနဲလုံးဝ ထိုက်တန်တယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အာတီတာက "ယိုကီရေးစ်နဲ့ပတ်သက်ပြီး အကျေနပ်ဆုံးက သူကြောင့် ကျွန်တော်တို့ ပိုကောင်းတဲ့အသင်း ဖြစ်လာတာပါ။ ကျွန်တော်တို့က ပိုပြီးတော့ ခန့်မှန်းမရတဲ့အသင်းဖြစ်လာတယ်။ သူက သန်မာတယ်။ လူတိုင်းအတွက် နေရာလွတ် ရှာပေးနိုင်တယ်။ သူ့ရဲ့ ပြိုင်ဘက်ကို ဖိအားပေးပုံ၊ ဘောလုံးထိန်းပုံတွေက အရမ်းကောင်းတယ်။ အချိုပေါ်သကာလောင်းပါ။ အကြီးမားဆုံးအရာကတော့ ဂိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အငြင်းအခုံ လုပ်လာရပါတော့မယ်။ ဒီနေ့မှာ ကွဲပြားတဲ့ဂိုးနှစ်ဂိုး သွင်းခဲ့တယ်။ အချိန်အခါကောင်းအချို့ရဲ့ အစ ဖြစ်လာဖို့ မျှော်လင့်တယ်။ ဂိုးတွေ ဆက်တိုက်သွင်းလာနိုင်ဖို့ မျှော်လင့်တယ်"လို့ ပြောကြးသွားပါတယ်။

ယိုကီရေးစ်ဟာ ယခင်ကလပ် စပို့တင်းမှာတုန်းက ၁၀၂ ပွဲတွင် ၉၇ ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။

ယိုကီရေးစ်ကလည်း "အရမ်းကျေနပ်တယ်။ နှစ်ဂိုးသွင်းနိုင်ခဲ့တာ အရမ်းကောင်းတယ်။ အချိန်တိုင်း အကောင်းဆုံးကြိုးစားပါတယ်။ အလုပ်ကြိုးစားတယ်။ ကွဲပြားတဲ့အရာတွေနဲ့ အသင်းအတွက် အစွမ်းကုန်လုပ်ပေးတယ်။ ဒီလိုလုပ်ရင် ဂိုးတွေ အနှေးနဲ့အမြန် ရောက်လာမှာပါပဲ"လို့ ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၃ ပွဲလုံး အနိုင်ရရှိထားရာမှာ ပေးဂိုးတစ်ဂိုးမျှ မရှိသေးပါဘူး။ ၎င်းတို့ဟာ ယခုရာသီပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲတွင် ၁၀ ပွဲ အနိုင်ရထားပါတယ်။

အာဆင်နယ်ဟာ ကလပ်ရဲ့ ၁၃၈ နှစ်အတွင်းတွင် အကောင်းဆုံးခံစစ်အဖြစ် ပြိုင်ပွဲအရပ်ရပ် ပထမဆုံး ၁၂ ပွဲတွင် ၃ ဂိုးတည်းသာ ပေးထားရပါသေးတယ်။

image