သပိတ်ကျင်းမြို့နယ်မှာ ဒရုန်းဗုံးကြဲခံရလို့ ငါးယောက်သေဆုံးကာ ဒဏ်ရာရသူများပြား

အောက်တိုဘာ ၂၂

မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းရွာမှာ အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းက ဒရုန်းဗုံး ကြဲခံရပြီး ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တွေရှိခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီလောက်မှာ ဇရပ်ကွင်းရွာရှိ ရွာလယ်တံတားအနီးကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း သေဆုံးသူတွေထဲမှာ ကလေးတယောက်ပါတယ်လို့ ကနဦးသိရပါတယ်။

" အခုသိရသလောက်ဆိုရင် သေတာက မိန်းကလေးနှစ်ယောက်၊ယောကျ်ားလေးနှစ်ယောက်နဲ့ လသားအရွယ်ကလေးတယောက်ပါ။နေရာမှာပွဲချင်းပြီးဆုံးတယ်သိရတယ်။ဒဏ်ရာရသူကလည်းများတယ်။ ခုသိရသလောက် ငါးယောက်ကျော်တယ်သိရတယ်။ ဇရပ်ကွင်းက ဖော့တောလမ်းဆုံနဲ့နီးတယ်လေ။" လို့ စစ်ရှောင်ကူညီနေသူ တယောက်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ကယ်ထုတ်ပြီး ဆေးဝါးကုသနိုင်ဖို့ ညတွင်းချင်း လုပ်ဆောင်နေကြောင်း ၊ ဒရုန်းတိုက်ခိုက်မှုတွေက ညပိုင်းအထိဆက်ရှိနေတယ်လို့သိရပါတယ်။

ဇရပ်ကွင်းရွာဟာ ဖော့တောလမ်းဆုံနဲ့နီးကြောင်း ၊ ဖော့တောလမ်းဆုံကတော့ မကြာသေးမီးကမှ အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဇရပ်ကွင်းရွာကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ် တယ်လို့သိရပါတယ်။

လက်ရှိမှာ တပ်က သပိတ်ကျင်းမြို့ကစပြီး ဖော့တောလမ်းဆုံအထိ သိမ်းပိုက်ထားပြီး ဒေသတွင်းလက်နက်ကိုင်တပ်တွေကတော့ သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ နယ်မြေစိုးမိုးမှုရှိနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အစိုးရတပ်တွေက သပိတ်ကျင်းမြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက်လာနေသလို တဖက်မှာလည်း မိုးကုတ်ကို ပြန်လည်ရရှိဖို့ တိုက်ခိုက်မှုတွေရှိလာနေတယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ မိုးကုတ်အရှေ့ပိုင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဘောလုံးကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

image