2 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားကို ကမ္ဘာ့ခေါင်းဆောင်တွေ မလာရောက်မီ ပဲ့ထိန်းဒုံးကျည်အများအပြား မြောက်ကိုရီးယား ပစ်ခတ်

အောက်တိုဘာ၂၂

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်အများအပြားကို ဒီကနေ့မှ ပစ်ခတ်ခဲ့ပြီး ဒါဟာ လများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာရှ-ပစိတ်ဖိတ် စီးပွားရေးဖိုရမ်တက်ရောက်ဖို့ တောင်ကိုရီးယားကို မလာရောက်ခင် တပတ်အလိုမှာ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

တာတိုပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်အများအပြားကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီချုပ်ရုံးက ပြောပါတယ်။ ဒုံးကျည်တွေကို ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီ ၁၀ မိနစ် မြို့တော် ပြုံယမ်းရဲ့ တောင်ဘက်‌ဒေသကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၅၀ ခန့် ပျံသန်းခဲ့ပြီး မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ကို ဦးတည်သွားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းမှ တာတိုပစ်ဒုံးကျည်အများအပြားကို မေလ ၈ ရက်က နောက်ဆုံးပစ်လွှတ်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် ရာထူးတက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ တွေ့ဆုံမှုတွေရှိခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ ယခုနှစ်အတွင်းမှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကတော့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ အမေရိကန်က တောင်းဆိုမှုတွေကို စွန့်လွှတ်ဖို့ သတိပေးထားပြီး အနာဂတ်ဆွေးနွေးပွဲတွေအတွက် လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ယခုလအစောပိုင်းမှာ ရုရှားနဲ့ တရုတ် ထိပ်တန်းအရာရှိတွေတက်ရောက်တဲ့ စစ်ရေးပြပွဲအတွင်း နောက်ဆုံးပေါ် ဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

image