၅ ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ်ဆိုတဲ့ ယူနိုက်တက်ပရိသတ်အား ဆံပင်ဆောင့်ဆွဲခဲ့တဲ့ ပရိသတ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်

‘The United Strand’ လို့ နာမည်ကျော်ကြားတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်အား တိုက်ခိုက်ခဲ့တဲ့ ပရိသတ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ ဖရန့်အိုင်လက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ယူနိုက်တက် ၅ ပွဲဆက် အနိုင်ရမှသာ ဆံပင်ညှပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်မှု ပြုလုပ်ရာမှ နာမည်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

ယခု တစ်နှစ်ကျော် ကြာတဲ့အချိန်အထိ ယူနိုက်တက်မှာ ၅ ပွဲဆက် နိုင်ပွဲ ရရှိလာခြင်း မရှိသလို ယင်းပရိသတ်မှာလည်း ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါ သိန်းပေါင်းများစွာ ပိုင်ဆိုင်ထားကာမည်ကြီးနေပါတယ်။

ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့လတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအား ၂- ၁ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ အခြားယူနိုက်တက်ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရပါတယ်။

အခြားယူနိုက်တက်ပရိသတ်တစ်ဦးက အိုင်လက်မှာ ကိုယ့်အားပေးတဲ့အသင်းကို သိက္ခာကျအောင် လုပ်နေတယ်ဆိုပြီး ဆံပင်ဆောင့်ဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ယခုအခါမှတော့ ယူနိုက်တက်ဟာ ယင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ ပရိသတ်အား အိမ်ကွင်းပွဲကြည့်ခွင့် ပိတ်ပင်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အန်ဖီးလ်တွင် လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နည်းပြအမိုရမ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။

image