ဂါဇာငြိမ်းချမ်းရေး ဟားမတ်စ်တို့ မပူးပေါင်းရင် ချေမှုန်းပစ်မယ်လို့ ဂျေဒီဗန့်စ် သတိပေး
အောက်တိုဘာ ၂၂
ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှုဟာ မျှော်လင့်ထားတာထက် အခြေအနေကောင်းပြီး အပစ်အခတ်ရပ်စဲရေးကို ထိန်းထားနိုင်တယ်လို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အစ္စရေးကို ရောက်ရှိချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်အနေနဲ့ လက်နက်ဖြုတ်သိမ်းဖို့ နောက်ဆုံးရက်သတ်မှတ်ပေးဖို့ကို ငြင်းဆိုထားပြီး ဟားမတ်စ်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိပါက ချေမှုန်းပစ်မှာ ဖြစ်တယ်လို့ ဂျေဒီဗန့်က ပြောပါတယ်။
ယခုလအစောပိုင်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ညှိနှိုင်းပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဟားမတ်စ်တို့အနေနဲ့ ဆိုးဆိုးရွားရွားတွေ ဆက်လုပ်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် မဟာမိတ်တွေဟာ ဂါဇာကမ်းမြောင်ကို အင်အားအလုံးအရင်းနဲ့ဝင်ပြီး ဟားမတ်စ်တို့ကို မောင်းထုတ်လိမ့်မယ်လို့ သတိပေးပါတယ်။
၁၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို နှောင့်နှေးသွားစေတဲ့ တနင်္ဂနွေနေ့က အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဂျေဒီဗန့်စ် အစ္စရေးခရီးစဉ်ထွက်ပေါ်လာတာပါ။ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားနှစ်ယောက် သေဆုံးပြီး အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင်း ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ထရန့်ကတော့ "ဟားမတ်စ်တွေ မှန်တာကို လုပ်မယ်လို့ မျှော်လင့်နေတုန်းပဲ" သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒီလိုမှမလုပ်ရင် ဟားမတ်စ်တို့ရဲ့ အဆုံးသတ်သည် မြန်ဆန်၊ ပြင်းထန် ၊ ကြမ်းတမ်လိမ့်မယ်လို့ သူက သတိပေးထားပါတယ်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ အစ္စရေး ခရီးစဉ်အတွင်း ဟားမတ်စ်နဲ့ စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေးအတွက် ရေရှည်ပြဿနာတွေ ဆွေးနွေးညှိနှိုင်းမှု စတင်ဖို့ အစ္စရေးဝန်ကြီးချုှုပ် နေတန်ယာဟုကို တွန်းအားပေးမယ်လို့ မျှော်လင့်ရပါတယ်။
သဘောတူညီချက်ရဲ့ အဓိကပန်းတိုင်တွေကို အကောင်အထည်ဖော်ရာမှာ သိသိသာသာ အထောက်အကူဖြစ်ခြင်းအတွက် အစ္စရေးကို ဂျေဒီဗန့်စ်က ချီးကျူးခဲ့ပေမယ့်လည်း နောက်ထပ်အဆင့်တွေအတွက် ကြိုးပမ်းအားထုတ်မှု များစွာကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။